လားရှိုးတွင် အမျိုးသမီးများဟု ယူဆရသည့် မီးရှို့ထားသော ရုပ်အလောင်းနှစ်ခုတွေ့ရှိ

လားရှိုးတွင် အမျိုးသမီးများဟု ယူဆရသည့် မီးရှို့ထားသော ရုပ်အလောင်းနှစ်ခုတွေ့ရှိ
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency

လားရှိုးတွင် အမျိုးသမီးများဟု ယူဆရသည့် မီးရှို့ထားသော ရုပ်အလောင်းနှစ်ခုတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာနှင့် လုပ်ဝိုင်ကျေးရွာကြား ကားလမ်းဘေး လျှိုတစ်ခုအတွင်း မီးရှို့ခံထားရသည့် အမျိုးသမီး (၂)ဦးဟု ယူဆရသည့် ရုပ်အလောင်း (၂)ခုကို ၂၀၂၀ ခုနှစ်၊ ဖေ‌ဖေါ်ဝါရီလ (၂၃) ရက်နေ့ ညပိုင်းက တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နေကြောင်း သိရသည်။

လားရှိုးမြို့၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာရှိ နမ့်ပေါင်ကျေးရွာနှင့် လုပ်ဝိုင်ကျေးရွာဆက် ကျောက်ခင်းလမ်း၏ဘေး ပေ (၅၀၀) ခန့်အကွာရှိ တောင်ယာဟောင်းတစ်ခု၏ လျှိုတစ်ခုအတွင်း မီးရှို့ခံထားရသည့် ရုပ်အလောင်းအကြွင်းအကျန်များကို နမ့်ပေါင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ညနေပိုင်းတွင် တွေ့ခဲ့ရသဖြင့် ကျေးရွာတာဝန်ရှိသူများနှင့်အတူ ညနေ (၆)နာရီကျော်၌ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး၊ ဒုမြို့နယ်တရားသူကြီး၊  မှုခင်းဆရာဝန်ကြီး၊ မှုခင်းရဲတပ်ဖွဲ့တို့နှင့် သက်သေများ ပါဝင်သည့်အဖွဲ့က အခင်းဖြစ်ရာနေရာသို့ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ နံနက် (၈) ဝန်းကျင်တွင် သွားရောက်စစ်ဆေးရာ ကားတာယာများဖြင့် မီးရှို့ထားပြီး  ခန္ဓာကိုယ်အရိုးစုအပိုင်းအစများ တွေ့ခဲ့ရကြောင်း သိရသည်။

မီးရှို့ခံထားရသည့် ရုပ်ကြွင်းတစ်ခုအနီးတွင် လက်ကောက် (၁) ကွင်း၊ လက်စွပ် (၂) ကွင်း၊  ဆွဲကြိုး (၂) ကုံး၊ နားကပ် (၁) ရံ၊ အဖုံးမပါ ပင်နီစလင် ပုလင်းခွံ (၃) လုံး၊ ဖုန်းဘက်ထရီပျက် (၁) ခု၊ ဖုန်းဆင်းကဒ် အိမ် (၁) ခု၊ ကတ်ကြေး အသေး (၁) ခု၊ ပါဝါဘန့်အတွင်း အသုံးပြုသည့် ဓါတ်ခဲ (၂) လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြာပုံ၏ အရှေ့တောင်ဘက် (၆၆) ပေခန့်အကွာတွင် မီးလောင်ကျွမ်းထားပြီး ဦးခေါင်းခွံ ကွဲအက်နေသည့် အရိုးစုတစ်ခုအနီးတွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူးတွင် ပိုက်တပ်လျက် ဗူးခွံ (၆) ဗူး၊ လစ်ပိုပုလင်းခွံ (၁) လုံး၊ ဓါးဦးချွန် (၁) ချောင်းတို့ကို တွေ့ခဲ့ရကြောင်း သိရသည်။

ရုပ်အလောင်းနှစ်ခုကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်စစ်ဆေးနေပြီး ၎င်းအမှုအား လားရှိုးမြို့မရဲစခန်းတွင် ( ပ )  ၁၄၁ / ၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊( အလောင်းဖျောက်ဖျက်မှု-) ၂၀၁ ( မည်သူမည်ဝါမသိပဲ) ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~