တရုတ်နိုင်ငံ ကူမင်းမှ ပြန်လာပြီး ကိုယ်အပူချိန်မြင့်နေသည့် ကလေးငယ်ကို လွိုင်ကော်ဆေးရုံကြီးရှိ အထူးကြပ်မတ်ခန်းတွင် သီးသန့်စောင့်ကြည့်ကုသနေ

တရုတ်နိုင်ငံ ကူမင်းမှ ပြန်လာပြီး ကိုယ်အပူချိန်မြင့်နေသည့် ကလေးငယ်ကို လွိုင်ကော်ဆေးရုံကြီးရှိ အထူးကြပ်မတ်ခန်းတွင် သီးသန့်စောင့်ကြည့်ကုသနေ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

တရုတ်နိုင်ငံ ကူမင်းမှ ပြန်လာပြီး ကိုယ်အပူချိန်မြင့်နေသည့် ကလေးငယ်ကို လွိုင်ကော်ဆေးရုံကြီးရှိ အထူးကြပ်မတ်ခန်းတွင် သီးသန့်စောင့်ကြည့်ကုသနေ

တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးသို့ရောက်ရှိလာသည့် မိသားစု (၃)ဦးမှ (၂)နှစ်ကျော်အရွယ်ကလေးငယ်မှာ ကိုယ်အပူချိန်မြင့်နေ၍ မန္တလေးဆေးရုံကြီးတွင် စစ်ဆေးပြီးနောက် လွိုင်ကော်မြို့သို့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင်  ပြန်လွှတ်ပေးသဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ခန်းတွင် သီးခြားစောင့်ကြည့်ကုသနေကြောင်း သိရသည်။

"ကလေးရဲ့အခြေအနေကတော့ လန်းလန်းဆန်းဆန်းလေးပါပဲ။ ဓါတ်မှန်လည်း ကောင်းတယ်။ အဖျားလေးကလည်း ငွေ့ငွေ့လေးပဲရှိတယ်။ အသက်ရူကျပ်တဲ့ လက္ခဏာလေးတွေလည်း မရှိပါဘူး။ လောလောဆယ် ကျွန်မတို့ကတော့ ကလေးကို သောက်ဆေးလေးနဲ့ပဲ စောင့်ကြည့်နေတယ်။ ကလေးက တရုတ်ပြည်ကနေ ပြန်လာတာဆိုတော့ ကျွန်မတို့ သီးသန့်ခန်းလေးထဲမှာပဲ ထည့်ထားပြီး စောင့်ကြည့်နေတယ် "

ဟု လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်နီနီသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ)ဖြစ်ပွားနေသည့် တရုတ်နိုင်ငံမှ ပြန်လာပြီး ကိုယ်အပူချိန်မြင့်နေသည့် ကလေးငယ်၏ သွေးနှင့် နှာခေါင်းတို့ပက်နမူနာများအား သက်ဆိုင်ရာဓါတ်ခွဲဌာနသို့ ပိုဆောင်သွားမည်ဖြစ်ပြီး သီးသန့်ကုသခန်းတွင် ဆက်လက်ထားရှိကာ နေ့စဉ်စောင့်ကြည့်ကုသမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အဖြေကတော့ တစ်ပတ်လောက်ကြာမှ သိရမယ်။ ကျွန်မတို့က ရန်ကုန်ဆေးရုံကြီးကပေးထားတဲ့ ဂိုက်လိုင်းအတိုင်း ကုသမှုပေးနေတယ်။ အဖြေက စောင့်ရမှာလည်း ဖြစ်တယ်ဆိုတော့ ဂိုက်လိုင်းအတိုင်း အဖျားကျပြီးတော့ ဆယ်ရက်လောက်ထိကို ကျွန်မတို့က စောင့်ကြည့်ကုသနေမှာပါ။ အဲဒီအတိုင်းပဲ ကျွန်မတို့ စီစဉ်လုပ်ထားပါတယ် "

ဟု လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး မှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်နီနီသန်းက ပြောသည်။

အဆိုပါကလေးငယ်နှင့်မိသားစုမှာ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး တံတားဦးလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ကလေးငယ်မှာ ဖျားနာချောင်းဆိုးနေသောကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ကလေးငယ်အား စစ်ဆေးချက်အရ ရောဂါလက္ခဏာများ မတွေ့ရသောကြောင့် ၎င်းတို့နေထိုင်ရာ လွိုင်ကော်မြို့သို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~