ကမ္ဘာလှည့်ခရီးသွားများသည့် သီပေါတွင် ဝူဟန်အဆုတ်ရောင်ရောဂါ အသိပညာပေးကို အင်္ဂလိပ်ဘာသာအပြင် မြန်မာနှင့် တိုင်းရင်းသား ဘာသာများဖြင့် ဖြန့်ဝေ

ကမ္ဘာလှည့်ခရီးသွားများသည့် သီပေါတွင် ဝူဟန်အဆုတ်ရောင်ရောဂါ အသိပညာပေးကို အင်္ဂလိပ်ဘာသာအပြင် မြန်မာနှင့် တိုင်းရင်းသား ဘာသာများဖြင့် ဖြန့်ဝေ
ဇန်နဝါရီ 27, 2020
By Tachileik News Agency
ကမ္ဘာလှည့်ခရီးသွားများသည့်  သီပေါတွင် ဝူဟန်အဆုတ်ရောင်ရောဂါ အသိပညာပေးကို အင်္ဂလိပ်ဘာသာအပြင်   မြန်မာနှင့် တိုင်းရင်းသား ဘာသာများဖြင့် ဖြန့်ဝေ  

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် တရုတ်နိုင်ငံမှ ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်၊ စာရွက်၊ ပိုစတာများကို မြန်မာ၊ တိုင်းရင်းသားဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် အသိပညာပေးခြင်းနှင့် ဆေးရုံသို့ အရေးပေါ် ဆက်သွယ်ရမည့်ဖုန်းနံပါတ် ကြေညာခြင်းတို့ကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။

 “ ကျန်းမာရေးနဲ့တစ်ခုခု ပတ်သက်ရင် hot line ကိုဆက်ဆိုပြီး သီပေါဆေးရုံက ကြေညာထားတာကတော့ နှစ်နှစ် နီးပါးရှိပြီ။ အဲဒါကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် အဲဒီဖုန်းနံပါတ်ကို ဆက်လိုက်ရင် လုပ်ဆောင်ပေးပါတယ်။ ပိုစတာတွေနဲ့ အသိပညာပေးတာကတော့ ဗဟိုနဲ့ပြည်နယ်ကနေ ပေးပို့တဲ့ တိုင်းရင်းသားဘာသာတွေ၊ ဗမာဘာသာတွေနဲ့ ရိုက်တာက ဒီညနေမှာ ရောက်လာမှာပါ။ နိုင်ငံခြားသားတွေကို ဝင်ထွက်ပေါက်တွေမှာ စစ်ဆေးတယ်ဆိုပေမဲ့ တစ်နေရာရာကနေများ ကျွံထွက်လာသည်ရှိသော် ဒီနေရာ ရောက်လာရင် နိုင်ငံခြားသားတွေက တရုတ်နိုင်ငံလည်း ရောက်နိုင်တာပဲလေ။ ဒီတော့ နိုင်ငံခြားသားတွေကို အသိပညာပေး လုပ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ကို အသိပေးထားတာလုပ်ပါတယ်။ တိုင်းရင်းဘာသာ၊ မြန်မာဘာသာနဲ့ ကတော့ တစ်မြို့နယ်လုံး ဖြန့်ဝေ အသိပေးတာလုပ်မှာပါ”

ဟု သီပေါမြို့နယ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ပြောသည်။

ကျန်းမာရေးဦးစီးဌာနက သီပေါမြို့မှ ဟိုတယ်၊ စားသောက်ဆိုင်များနှင့် ကမ္ဘာလှည့်ခရီးသည်များ သွားလာတတ်သည့် နေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် အသိပညာပေးပိုစတာများ လိုက်လံကပ်ပေးနေခြင်း ဖြစ်ပြီး သီပေါတွင် ကျန်းမာရေးနှင့်ပတ်သက်၍ သီပေါဆေးရုံ အရေးပေါ်ဌာနအပြင် အကူအညီရယူလိုပါက Hot Line ဖုန်း ၀၉ ၇၆၉ ၃၈၀ ၈၀၀ သို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရသည်။

ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ခြင်းမရှိစေရန် လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန် (နှာခေါင်းစည်း ညစ်ပေပါက လဲလှယ်ရန်)၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ရန်၊ ခေါင်းကိုက် ဖျားနာ လည်ချောင်းနာ နှာစေး ချောင်းဆိုးဖြစ်လျှင် နားလည်တတ်ကျွမ်းသူနှင့် ပြသရန်၊ လတ်တလော ရောဂါဖြစ်ပွားနေသည့် တရုတ်နိုင်ငံမှ ပြန်လာသူ (သို့မဟုတ်)  ပြန်လာသူနှင့်ထိတွေ့ဖူးသူတို့ အဆိုပါရောဂါလက္ခဏာများ ပြသပါက ဆေးရုံ၊ဆေးခန်းသို့ ပြသရန် အသိပေးနှိုးဆော်ထားသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~