ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန်ဆုတွင် တာချီလိတ်နာရေးကူညီမှုအသင်း ပါဝင်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန်ဆုတွင် တာချီလိတ်နာရေးကူညီမှုအသင်း ပါဝင်
ဇန်နဝါရီ 17, 2020
By Tachileik News Agency

ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ  ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန်ဆုတွင် တာချီလိတ်နာရေးကူညီမှုအသင်း ပါဝင်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ  ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန်ဆု(၁၄)ဆုတွင်  မြန်မာ - ထိုင်းနယ်စပ်ဒေသမှ တာချီလိတ်နာရေးကူညီမှုအသင်း က လူမှုထူးချွန်ဆု(တတိယအဆင့်)တွင် ပါဝင်ကြောင်း ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြော်ငြာစာအရ သိရသည်။

လူမှုထူးချွန်ဆု(ပထမအဆင့်)တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ  သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညနန္ဒ၊ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးထွန်းမြင့်၊ ဂီတပညာရှင် စိုင်းထီဆိုင်၊ ဒေါက်တာ စိုင်းခမ်းလိတ် နှင့် စိုင်းဆိုင်မောဝ် တို့ ရရှိသည်။

လူမှုထူးချွန်ဆု(ဒုတိယအဆင့်)တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ  အဖွဲ့ဝင် ဖူလီလိုက်ကုမ္ပဏီအုပ်စု ဥက္ကဌ သီရိသုဓမ္မမဏိဇောတဓရ ဦးလီကျိန်းချန်(ခ) ဦးလျိုအားပေါက် နှင့်  ဖူလီလိုက်ကုမ္ပဏီအုပ်စု ဦးဆောင်ညွှန်ကြားရေးမှူး သီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်တို့ ရရှိသည်။

လူမှုထူးချွန်ဆု(တတိယအဆင့်)ရရှိသည့် ရှမ်းပြည်နယ်အတွင်းမှ လူမှုရေးအသင်းအဖွဲ့အနေ့ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့မှ တာချီလိတ်နာရေးကူညီမှုအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ   ကရုဏာရှင်လူမှုကူညီရေးအသင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ ပေးသောလက် စေတနာရှင် သွေး နှင့် လူမှုကူညီရေးအသင်း တို့ ရရှိသည်။

လူမှုထူးချွန်ဆု(တတိယအဆင့်)တွင် လူတစ်ဦးတစ်ယောက်ချင်းနှင့်အုပ်စုအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့မှ ဒေါက်တာနန္ဒဝင်း ဦးဆောင်သော သီပေါကျန်းမာရေးမိသားစု၊  လောက်ကိုင်မြို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အဖွဲ့ဝင် ဦးစန်းလွင်(ခ)ထင်ရှောက်ဝမ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ မောင်ဘုန်းမြင့်ကျော် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ နောင်တုံကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးစိုင်းတစ်အောင် တို့ ရရှိသည်။

"အခုလို ဆုရရှိတဲ့အတွက် ဝမ်းသာပါတယ်။ တာချီလိတ်က သက်ဆိုင်ရာ လူကြီးတွေရော ဌာနတွေရော ကျေးဇူးတင်ပါတယ်။ ဆုကတော့ (၂)လပိုင်း (၇)ရက်နေ့ တောင်ကြီးမှာ သွားရောက် လက်ခံယူရမှာပါ"

ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့  ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စီမံထူးချွန်ဆု၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု၊ စီးပွားထူးချွန်ဆု၊ စိုက်ပျိုးထူးချွန်ဆု၊ မွေးမြူထူးချွန်ဆု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထူးချွန်ဆု နှင့် လူမှုထူးချွန်ဆု စုစုပေါင်း(၃၉)ဦးအား ပေးအပ်ချီးမြှင့်ကြောင်း  ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြော်ငြာထားခြင်း ဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~