တာချီလိတ်ခရိုင်အတွင်း ကောက်ယူနေသည့် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည်

တာချီလိတ်ခရိုင်အတွင်း ကောက်ယူနေသည့် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည်
ဇန်နဝါရီ 23, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း ကောက်ယူနေသည့် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကောက်ယူနေသည့် ၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းမှ အချက်အလက်များကို ဒေသတွင်းစီမံကိန်းများအတွက် အသုံးပြုနိုင်မည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုလာမည်ဖြစ်သည်။

"ဒီသန်းခေါင်စာရင်း ကောက်ယူရခြင်းအားဖြင့် ကျွန်တော်တို့ ခရိုင်အဆင့်ကို ကိုယ်စားပြုတဲ့ အညွှန်းကိန်းတွေ ရရှိလာမှာပါ။ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး အစရှိတဲ့ ကိစ္စရပ်များတွေမှာ စီမံကိန်းတွေ ရေးဆွဲတဲ့အခါတို့၊ မူဝါဒတွေချမှတ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ လူဦးရေဆိုင်ရာ အချက်အလက်တို့၊ အိမ်အကြောင်းဆိုင်ရာ အချက်အလက်တို့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီစာရင်းစစ်တမ်းတွေက ကျွန်တော်တို့ တာချီလိတ်ခရိုင်တိုးတက်ရေးအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်"

ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ  တာချီလိတ် ဒုတိယ ခရိုင်ဦးစီးမှူး ဦးကျော်စိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနေခြင်းမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလ မြန်မာနိုင်ငံလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံးတူညီစွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များ၏ ပြောင်းလဲမှုကို နှိုင်းယှဉ်လေ့လာပြီး သုသေသနပြုနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည် ဖော်ရာတွင် လိုအပ်သောအညွှန်းကိန်းများရရှိရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကောက်ကွက်ပေါင်း (၈၀,၀၀၀) ကျော်ကို အကွက်စေ့ကောက်ယူခဲ့သော်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင် ကောက်ကွက် (၄,၀၀၀) ကျော်ကိုသာ ကောက်ယူသွားမည်ဖြစ်သည်။

ကြားဖြတ်သန်းခေါင်စာရင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကောက်ကွက် (၁၀၉) ကွက်၊ တာချီလိတ် ခရိုင်အတွင်း ကောက်ကွက် (၄၅) ကွက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ (၁၅) ရက်မှ (၂၈) ရက်နေ့အထိ ကောက်ယူနေခြင်းဖြစ်သည်။

ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်း ပထမအသုတ်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)တို့တွင် လည်းကောင်း၊ ဒုတိယအသုတ်ကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ တတိယ အသုတ်ကို ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကောက်ယူခဲ့ပြီးနောက် စတုတ္ထအသုတ်အဖြစ် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကောက်ယူနေခြင်းဖြစ်သည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~