တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေး ကော်မတီများ သီးခြားဖွဲ့စည်းမည်

တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေး ကော်မတီများ သီးခြားဖွဲ့စည်းမည်
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေး ကော်မတီများ သီးခြားဖွဲ့စည်းမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် ဒေသတွင်းနှင့် နိုင်ငံဖြတ်ကျော် မီးခိုးမြူပြသနာများ ဖြေရှင်းနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီများ သီးခြား ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"ခရိုင်မှာလည်း မီးခိုးမြူနဲ့ ပတ်သက်တဲ့ပြသနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ခရိုင်အဆင့်ကော်မတီတွေဖွဲ့မယ်။ မြို့နယ်အဆင့် ကော်မတီတွေလည်းဖွဲ့မယ်။ ဆက်နွှယ်တဲ့ သစ်တောတို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့၊ မီးသတ်တို့ စတဲ့ဌာနတွေပါဝင်ပြီး ဖွဲ့စည်းမှာဖြစ်တယ်။ အဲဒီအဖွဲ့တွေက ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဟောပြောပွဲတွေ ဆောင်ရွက်မယ်။ အသိပညာပေးတွေ ဆောင်ရွက်မယ်။ မနှစ်ကအတွေ့အကြုံ အရ ပြည်သူလူထုကို နီးနီးကပ်ကပ် လုပ်ပေးလိုက်တော့ ပြည်သူလူထုကလည်း ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားပါပြီ။ ဒီနှစ်မှာ တကယ်လို့များ မီးခိုးမြူ အန္တရာယ်ဖြစ်လာခဲ့ရင်လည်း အသိပညာပေးမှုတွေ၊ ကျွန်တော်တို့ လေထုတိုင်းတာရရှိမှုတွေကိုလည်း အချိန်နဲ့ တပြေးညီထုတ်ပြန်သွားဖို့ ဆောင်ရွက်ထားပါတယ်။ မနှစ်ကထက်ကို အသေးစိတ်ပိုပြီးတော့ ဆောင်ရွက်နိုင်မှာပါ"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူပြသနာများလျော့ချနိုင်ရေးအတွက် တောင်ယာခုတ်ထွင်ခြင်း၊ တောင်ယာမီးရှိုခြင်းနှင့် တောမီးလောင်မှုများ မဖြစ်ပေါ်စေရန်အတွက် ကျေးရွာများအထိ ကွင်းဆင်း အသိပညာပေးမှုများကို ဒီဇင်ဘာလမှ စတင်ဆောင်ရွက်နေပြီး တောင်ယာမီးရှို့မှုများကို အလှည့်ကျစနစ်ဖြင့် လုပ်ဆောင်နိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"ဒေသမှာ အရေးကြီးတဲ့ပြသနာတစ်ခုပေါ့။ ဒေသခံတွေရဲ့ အခြေအနေ၊ တောတောင်ရဲ့ အခြေအနေအရ တောင်ယာတွေကို ရှင်းလင်းကြတာက ဒီလိုပွင့်လင်းတဲ့ရာသီမှာပဲ ရှင်းလင်းကြတာဖြစ်ပါတယ်။ လုံးဝကြီးမရှို့ရဘူးလို့ သွားတားလို့လည်း မရဘူး။ ဒေသခံတိုင်းရင်းသားတွေ စားဝတ်နေရေးအတွက် စိုက်ပျိုးဖို့အတွက် လိုအပ်တာကိုး။ ကျွန်တော်တို့ အသိပညာပေးဆွေးနွေးမှုလုပ်မယ်ဆိုတဲ့ဟာက တပြိုင်တည်း ရှို့တာမဟုတ်ဘူးပေါ့။ အလှည့်ကျစနစ်နဲ့ ဒီနေ့ ဒီအကွက်ကရှို့ရင် နောက်ရက်နောက်အကွက်ကရှို့ပေါ့။ အဲဒီလိုအလှည့်ကျစနစ်နဲ့ သွားနိုင်အောင်လို့ အဓိက ပညာပေးမှာ ဖြစ်ပါတယ်။ အရင်တုန်းက ပြည်သူလူထုက ကိုယ့်ရဲ့အလုပ်အကိုင် ပြီးစီးရေးအတွက် လုပ်ကြတဲ့အခါကျတော့ ကျွန်တော်တို့ဘက်မှာ မီးခိုးမြူက အများကြီးတက်တာရှိပါတယ်။ ဒီနှစ်မှာတော့ အလှည့်ကျစနစ်နဲ့ သွားနိုင်အောင်လို့ ဆွေးနွေးမှာပါ။ လိုက်နာအောင်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် တာချီလိတ်မြို့အတွင်း မီးခိုးမြူများ အချိန်ကာလကြာမြင့်စွာ ထူထပ်မှုကြောင့် နှာခေါင်းစည်းများဝေငှခြင်း၊ မြို့တွင်းတွင် မီးသတ်ယာဉ်များဖြင့် ရေမှုန်ရေမွှားများ ပက်ဖြန်းပေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မီးခိုးမြူဖုံးလွှမ်းနေစဉ် လေထုအရည်အသွေးတိုင်းတာနိုင်ရေးအတွက် တိုင်းတာရေးစက်တစ်လုံးကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပေးထားသည့်အပြင် ခရိုင်၊ မြို့နယ်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရုံး တည်ဆောက်ခြင်း၊ တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနသို့ မီးသတ်ယာဉ် (၂) စီးပေးအပ်ခြင်းများကိုလည်း လုပ်ဆောင်လာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~