ခွင့်ပြုချက်မရှိဘဲ ရွာငံတွင် သတ္တုတူးဖေါ်၍ အမှုဖွင့်ခံထားရသည့် GPS JOINT VENTURE ကုမ္ပဏီမှ တရုတ်နိုင်ငံသား ထွက်ပြေးလွတ်မြောက်နေ

ခွင့်ပြုချက်မရှိဘဲ ရွာငံတွင် သတ္တုတူးဖေါ်၍ အမှုဖွင့်ခံထားရသည့် GPS JOINT VENTURE ကုမ္ပဏီမှ တရုတ်နိုင်ငံသား ထွက်ပြေးလွတ်မြောက်နေ
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
ခွင့်ပြုချက်မရှိဘဲ ရွာငံတွင် သတ္တုတူးဖေါ်၍ အမှုဖွင့်ခံထားရသည့် GPS JOINT VENTURE ကုမ္ပဏီမှ တရုတ်နိုင်ငံသား ထွက်ပြေးလွတ်မြောက်နေ

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ ခဲသတ္တုစမ်းသပ်ထုတ်လုပ်ခဲ့သဖြင့် သတ္တုတွင်း ဥပဒေဖြင့် ရွာငံမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရပြီး လွတ်မြောက်နေဆဲဖြစ်သည့် GPS JOINT VENTURE COMPANY LIMITED မှ လုပ်ကွက်တာဝန်ခံဖြစ်သူ တရုတ်နိုင်ငံသား အသက် (၃၃) နှစ်အရွယ် Liu Kaiyong သည် အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် (၆) ဦးမှ တစ်ဦးဖြစ်သည်ကို တွေ့ရသည်။

ရွာငံဒေသတွင် ခဲသတ္တုစမ်းသပ်တူးဖေါ်ခြင်းအား လုပ်ကိုင်ခွင့်ရထားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် အမည်ပျက်စာရင်းသွင်းရန် ဝန်ကြီးဌာနက လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကာ လုပ်ကိုင်ခွင့်ချထားပေးတော့မည် မဟုတ်ကြောင်းကိုလည်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ရွာငံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်း စိစစ်အရေးယူဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ပြည်သူ့လွှတ်တော်တွင် ဖြေကြားစဉ် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ GPS JOINT VENTURE COMPANY LIMITED အနေဖြင့် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကွင်းပြင်ကွင်း ဦးပိုင်အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၁၂၄ တွင် ရင်းနှီးမြုပ်နှံခွင့်ကို
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး၌ ခွင့်ပြုထားခဲ့ခြင်းဖြစ်သော်လည်း သတ္တုစမ်းသပ်တူးဖေါ်ခွင့်မရသေးခြင်းဖြစ်ကြောင်း သိရသည်။

GPS JOINT VENTURE COMPANY LIMITED သည် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က ကုမ္ပဏီမှတ်ပုံတင်ထားသည့် နိုင်ငံခြားသားပိုင်ကုမ္ပဏီဖြစ်သည်ကို တွေ့ရသည်။

လုပ်ကိုင်ခွင့် မရသေးသည့် အဆိုပါ ကုမ္ပဏီက လုပ်ငန်းများဆောင်ရွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်က တင်ပြပြီး နှစ်လအကြာဖြစ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့၌ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ GPS ကုမ္ပဏီသည် ခန့်မှန်းမြေပုံညွှန်း 93 C/11 (၁၁၂၈၀၆) ပတ်ဝန်းကျင်တွင် အမြင့် (၁၃) ပေ၊ အကျယ် (၁၅) ပေခန့်ရှိသည့် ကုန်ထုတ်ဥမှင်တစ်ခုကို အရှည်ပေ (၁၀၀) ခန့် တူးဖော်ထားကြောင်းတွေ့ရှိရပြီး ၎င်းပတ်ဝန်းကျင်တွင် (၄၅၀၀) စတုရန်းပေခန့် ဧရိယာကျယ်သည့် ဟင်းလင်းဖွင့်မိုင်းတစ်ခုကိုလည်း တူးဖော်ထားသည်ကို ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်တွင် ဖြေကြားသည်။

“မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ (၃၀) ပုဒ်မခွဲ (က)ကို ကျူးလွန်ဖောက်ဖျက်ခြင်းထင်ရှားသဖြင့်
GPS ကုမ္ပဏီသည် ခွင့်ပြုချက်မရဘဲ ဓါတ်သတ္တုစမ်းသပ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် GPS ကုမ္ပဏီမှာ တာဝန်ခံအဖြစ် ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံသား အသက် (၃၃)နှစ်အရွယ် လီကျိယွမ်ကို ဥပဒေအရ အရေးယူပေးပါရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ရွာငံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီးဖြစ်ပါတယ်”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်တွင် ဖြေကြားသည်။

ယင်းကဲ့သို့ အမှုဖွင့်ခဲ့သော်လည်း အဆိုပါ တရုတ်နိုင်ငံသားမှာ မြန်မာနိုင်ငံတွင် မရှိတော့သဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ပုံအညွှန်း -  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းနှင့် အဖွဲ့မှ ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့က GPS JOINT VENTURE ကုမ္ပဏီ၏ လုပ်ငန်းခွင်သို့ 

Tachileik News Agency
ဓါတ်ပုံ - Aung Soe Min

ဆက်စပ်သတင်း 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~