နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် အလုပ်ခန့်ထားပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရမည့်စနစ် လာမည့်နှစ်တွင် စတင်မည်

နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် အလုပ်ခန့်ထားပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရမည့်စနစ် လာမည့်နှစ်တွင် စတင်မည်
ဒီဇင်ဘာ 13, 2019
By Tachileik News Agency

နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် အလုပ်ခန့်ထားပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရောက်ရတော့မည်ဖြစ်ပြီး (၃)နှစ်အနည်းဆုံး တာဝန်ထမ်းဆောင်ခြင်း မပြုပါက ကျပ် (၁၀)သိန်း ပေးလျော်ရခြင်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပယ်ဖျက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များကို ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရောက်စေရာတွင် ယခင်က (၁၄)ပတ်ကြာ သင်တန်းတက်ရောက်ကြရသဖြင့် ၂၀၁၄ ခုနှစ်မှစ၍ (၈)ပတ်သို့ လျှော့ချပေးခဲ့သော်လည်း အဆိုပါသင်တန်းကာလတွင် လစာမရဘဲ တက်ရောက်ကြရခြင်းဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်မှစ၍ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်မည့်ဆရာဝန်များကို အလုပ်ခန့်ထားပြီးမှသာ ဗဟိုဝန်ထမ်း တက္ကသိုလ် (၈) ပတ် သင်တန်းကို လစာခံစားခွင့်ဖြင့် တက်ရောက်နိုင်ရန် PSC နှင့် အလွတ်သဘောညှိနှိုင်း သဘောတူညီမှုရထားသဖြင့် အစိုးရအဖွဲ့ထံ တင်ပြပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

ယင်းအပြင် အစိုးရဝန်ထမ်းဆရာဝန်များ တာဝန်ထမ်းဆောင်လျှင် အနည်းဆုံး (၃) နှစ် တာဝန် မထမ်းဆောင်နိုင်လျှင် ကျပ် (၁၀) သိန်းပေးလျော်ရခြင်းကိုလည်း ပယ်ဖျက်သွားရန်ဆောင်ရွက်နေသည့်အပြင် ခက်ခဲဒေသတွင် အနည်းဆုံး (၁) နှစ် တာဝန်ထမ်းဆောင်ပြီးသော ရွှေ့ပြောင်းခွင့်တောင်းခံသော ဆရာဝန်များကို Post Graduate အတွက် အမှတ်ပိုပြီးထပ်ဆောင်းပေးခြင်းနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ သက်သာချောင်ချိရေးကိစ္စကိုလည်း ဆောင်ရွက်နေသည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခင်က ဝန်ထမ်းဆရာဝန်များခန့်အပ်ရာတွင် လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီးနောက် ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်မှပေးသော အရေအတွက်အရ ဆရာဝန်များအား ရွေးချယ်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး Post Graduate၊ Masterနှင့် ပါရဂူဘွဲ့များတက်ရောက်မည်ဆိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ် မတက်ရောက်ရသေးသူများ ဖြေဆိုခွင့်မရခြင်းများလည်း ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ ဖောင်ကြီးသင်တန်းမတက်ရောက် ရသေးသော်လည်း Post Graduate တက်ရောက်ခွင့်ပြုလာခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဝင်ရောက်၍ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်လိုသော ဆရာဝန်များအား အလုပ်ခန့်ခြင်းဦးစွာပေးပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်စေရန် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးကြွယ်ကြွယ်က
မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~