မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆည်တိုတိုက်နယ်အတွင်း အမျိုးဘာသာ၊ သာသနာ၊ ထိန်းသိမ်းစောင့်ရှောက်စေရေးနှင့် သာသနာတော် ထွန်းကားပြန့်ပွားစေရန် အထူးရည်ရွယ်၍ တာချီလိတ်မြို့ရောက် ဆည်တိုသူ၊ ဆည်တိုသားများမှ "ဓမ္မရောင်ခြည်" တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့ (ဆည်တို)အား ဖွဲ့စည်းထားရှိပြီး ယခုအခါမှာ ဆည်တိုတွင် ပထမဆုံးသော တရားပွဲကို ကျင်းပနိုင်တော့မှာ ဖြစ်ကြောင်း "ဓမ္မရောင်ခြည်" တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)မှ သိရသည်။
"တာချီလိတ်မြို့မှာ ရောက်နေတဲ့ ဆည်တိုသူ၊ ဆည်တိုသားများဖွဲ့စည်းထားတဲ့ ဓမ္မရောင်ခြည် တရားပွဲဖြစ်မြောက်ရေး အဖွဲ့ကနေပြီး တာချီလိတ်က ဆည်တိုသူ၊ ဆည်တိုသားများ စုပေါင်း လှူဒါန်းထားတဲ့ အလှူငွေများနဲ့ ဆည်တိုကျင်းပမဲ့ ပထမဆုံး တရားပွဲမှာ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လက ဟောကြားပေးမှာပါ"ဟု တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုခိုင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
မလှိုင်မြို့နယ် ဆည်တို (၈)ရပ်ကွက်လုံးဆိုင်ရာ ဓမ္မသဘင်ပွဲကြီးကို အခြေခံပညာအထက်တန်းကျောင်း (ဆည်ဆို)တွင် ၂၀၁၅ခုနှစ် မတ်လ(၂၈)ရက်မှ (၂၉)ရက်နေ့အထိ ညစဉ်(၇း၃၀)နာရီအချိန်တွင် နှစ်ညတိုင်တိုင် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့လို ကြီးကျယ်ခမ်းနားတဲ့ တရားပွဲမျိုး ဆည်တိုမှာ တခါမှ မကျင်းပဖူးသေးဘူး၊ တာချီလိတ်ကလို တရားပွဲမျိုးကို အတုယူပြီးတော့ ကျွန်တော်တို့ ဆည်တိုမှာ နှစ်စဉ်ကျင်းပနိုင်အောင်လို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အဲ့ဒီလိုပဲ ဒီအဖွဲ့ရဲ့ ရန်ပုံငွေအပေါ် မူတည်ပြီးတော့ ဆည်တိုတိုက်နယ်ထဲက (၈)ရပ်ကွက်နဲ့ သက်ဆိုင်တဲ့ ဘာသာရေး၊ ကျန်းမာရေး နဲ့ ပညာရေးတွေ စတဲ့ ဒေသအကျိုးပြု လူမှုလုပ်ငန်းများကိုလည်း တတ်နိုင်သ၍ ဆောင်ရွက်သွားမှာဖြစ်ပါတယ်.."ဟု အဆိုပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဆည်တိုသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။