တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးရှိ ပုံသေပျံကျ ဆိုင်ခန်းများ အမြန်ဆုံး နေရာချထားပေးရန်အတွက် ပုံသေပျံကျ ဈေးသည်များမှ တောင်းဆို

တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးရှိ ပုံသေပျံကျ ဆိုင်ခန်းများ အမြန်ဆုံး နေရာချထားပေးရန်အတွက် ပုံသေပျံကျ ဈေးသည်များမှ တောင်းဆို
ဇူလိုင် 20, 2014
By Tachileik News Agency

တာချီလိတ်မြို့၊ ၀မ်ကောင်းမြို့မဈေးသစ်ကြီးဆောက်လုပ်နေမှုနှင့် ပုံသေပျံကျဈေးသည်များ၏ ဆိုင်ခန်း(၈၆)ခန်း နေရာချထားရေးကိစ္စများနှင့်ပတ်သက်၍ ပုံသေပျံကျ မိသားစုဝင်များ ကိုယ်စား ဈေးသည်များမှ ပေးပို့လာသော အိတ်ဖွင့်ပေးစာကို  အများနှင့် သက်ဆိုင်သည့်အတွက် တာချီလိတ်အွန်လိုင်းမှ မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

သို့
အယ်ဒီတာ
အိတ်ဖွင့်ပေးစာကဏ္ဍ
တာချီလိတ်အွန်လိုင်းသတင်းဌာန။

ဖွင့်လှစ်ရန် (၃)လသာ လိုတော့သည့် တာချီလိတ်မြို့၊ ၀မ်ကောင်း မြို့မဈေးသစ်ကြီး၌ ယခင် ပုံသေပျံကျ ဈေးဆိုင်ခန်းများအား အမြန်ဆုံး ပြန်လည်နေရာချထားပေးပါ။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ၀မ်ကောင်းမြို့မဈေးသစ်ကြီးအား ၂၀၁၃ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့မှ စ၍ (၂)ထပ်ဈေးသစ်ကြီးအဖြစ် မင်းခေတ်သစ်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိရာ ၈၀ % ပြီးစီးနေပြီး ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။

ဝမ်ကောင်းမြို့မဈေးကြီး အဆင့်မြှင့်တင်ဆောက်လုပ်ရန်အတွက် မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး (၄.၇.၂၀၁၃)ရက်နေ့က ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့ရာ လုပ်ငန်းအစီအစဉ်စာရွက်တွင် မူလဈေးဟောင်းရှိ ဆိုင်ခန်းအရေအတွက် စာရင်းများ လုံးဝမှားယွင်းနေခဲ့ပါသည်။

ဝမ်ကောင်းဈေးကြီးတွင် ကျောချင်းကပ် ပုံသေပျံကျ (၈၆)ခန်းရှိပါသည်။ အဆိုပါ (၈၆)ခန်းရှိ ဈေးသည်များသည် တရားဝင် စည်ပင်သာယာပျံကျ မှတ်ပုံတင်စာအုပ်ဖြင့် (၁၀)နှစ်မှ အနှစ်(၂၀)အထိ ရောင်းချ၍ မိသားစုအတွက် အသက်မွေးဝမ်းကျောင်းနေသူများ ဖြစ်ကြပါသည်။

အဆိုပါ ဈေးသည်များတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပညာရေး စသည့် ဌာနအသီးသီးတို့မှ အငြိမ်းစား ၀န်ထမ်းများနှင့် အခြားဌာနများမှ ၀န်ထမ်းဟောင်းများလည်း ပါဝင်ပါသည်။ ထို့အပြင် နိုင်ငံတော်သို့ ၀င်ငွေခွန်ထမ်းဆောင်နေသူ အခွန်ထမ်းများလည်း ပါဝင်ပါသည်။ ယင်းပျံကျဈေးခန်းများတွင် ဈေးရောင်းမှုအပေါ် မှီခို စားသောက်နေသည့် လူဦးရေ(၅၀၀)ကျော်ခန့် ရှိပြီး ကျောင်းနေအရွယ် ကလေးသူငယ် (၂၀၀)နီးပါးခန့်နှင့် သက်ကြီးရွယ်အို ကျန်းမာရေးချို့တဲ့သူများလည်း ပါဝင်ပါသည်။

ဈေးသူ၊ ဈေးသား (၂၄၅)ဦး၏ (၁၈.၁၂.၂၀၁၂)ရက်စွဲပါ တင်ပြချက်အရ (၁၂.၂.၂၀၁၃) ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်တွင် ဈေးတည်ဆောက်ပြီးပါက လက်ရှိပုံသေရောင်းချနေသည့် ပျံကျဈေးသည်များအား ဦးစားပေးစနစ်ဖြင့် ပြန်လည်နေရာချထားပေးပါရန် ဆုံးဖြတ်ချက်တစ်ရပ်အား ချမှတ်ခဲ့ပါသည်။ ယနေ့အခါ ၁၂ ပေ x ၁၂ ပေ ဆိုင်ခန်းများနှင့် ၁၀ ပေ x ၁၀ ပေ ဆိုင်ခန်းများအတွက် မူလပိုင်ရှင်များအား သတ်မှတ်လျာထား၍ ငွေသွင်းခွင့်မပြုသေးပါ။

ဈေးသူ၊ ဈေးသားများက (၇.၆.၂၀၁၄)နေ့တွက် မြို့နယ်စည်ပင် အမှုဆောင်အရာရှိထံ တွေ့ဆုံမေးမြန်းရာ "၀န်ကြီးခွင့်ပြုမိန့်မကျသေးပါ။ ခွင့်ပြုမိန့်ရလျှင် အရစ်ကျငွေသွင်းနိုင်မည်"ဟု ဖြေကြားခဲ့ပါသည်။ ယနေ့ (၂၀.၇.၂၀၁၄)ရက်နေ့အထိ ထူးခြားမှုမရှိသေးပါ။ (၇.၄.၂၀၁၄)နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းလှဝင်းသည် ဈေးသစ်ကြီးတည်ဆောက်ပြီးစီးမှုအား လာရောက်ကြည့်ရှုရာမှာ ပြည်နယ်ဝန်ကြီးက ယခင်မြို့မဈေးဝန်းကျင်နှင့် လမ်းဘေးတွင် ရောင်းချနေသော ပျံကျဈေးဆိုင်ခန်း (၂၀၀)ကို အမြန်ပြန်လည်တည်ဆောက် နေရာချထားပေးရေး မှာကြားရာ မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ အဆိုပါ ပျံကျဈေးဆိုင်ခန်း (၂၀၀)အတွက် အမြန်စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသည်။ အဆိုပါ ကတိပေးချက်သည် (၁၀.၄.၂၀၁၄)နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တရားဝင်ပါရှိသွားပြီ ဖြစ်ပါသည်။

တာချီလိတ်မြို့။ ၀မ်ကောင်းမြို့မဈေးသစ်ကြီးအား ဆောက်လုပ်နေသည့် မင်းခေတ်သစ်ဆောက်လုပ်ရေး ကုမ္ပဏီအနေဖြင့် လက်ရှိဈေးသူ၊ ဈေးသားများအားလုံးအတွက် နေရာထိုင်ခင်း မည်သို့ စီမံချထားပေးမည်ကို စုံညီညှိနှိုင်းဆွေးနွေးအတည်ပြုပြီးနောက်မှသာ ပိုလျှံသည့် အခန်းများကို ပြင်ပပေါက်ဈေးဖြင့် ရောင်းချပေးရမည်မှာ နိုင်ငံတော်၏ မူဖြစ်ပါသည်။

ယခုအခါ အဆိုပါ ကုမ္ပဏီအနေဖြင့် မြေညီထပ်ပုံသေပျံကျဈေးဆိုင် (၈၆)ခန်းတည်ရှိခဲ့သော နေရာဟောင်းတွင် ၁၀ ပေ x ၁၀ ပေ ဆိုင်ခန်းနေရာများအား (၁)ခန်းလျှင် ဘတ်ငွေ (၁၅)သိန်း ( မြန်မာကျပ်ငွေအားဖြင့် သိန်း(၅၀၀)နီးပါးခန့်)ဖြင့် စာချုပ်ချုပ်ဆို ရောင်းချနေလျှက်ရှိပါသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၏ မှာကြားချက်အတိုင်း ပုံသေပျံကျဆိုင်ခန်း (၈၆)ခန်းအား ၁၀ ပေ x ၁၀ ပေ ဆိုင်ခန်းမည်မျှဖြင့် အစားထိုးဆောင်ရွက်ပေးမည်ဟု မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ ကတိပေးထားပါလျှက် ယနေ့အချိန်ထိ အဆိုပါ ပျံကျဆိုင်ခန်းပိုင်ရှင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အရစ်ကျငွေသွင်းခြင်းတို့ကို လုံးဝလက်မခံသေးဘဲ ပြင်ပပုဂ္ဂိုလ်များကို ကာလပေါက်ဈေးထက် ပို၍ အဆမတန်ဈေးနှုန်းဖြင့် တရားမ၀င်ရောင်းချနေခြင်းတို့မှာ ပုံသေပျံကျဈေးဆိုင်ခန်းများအား လုံးဝနေရာမပေးတော့မည်မှာ ထင်ရှားနေပြီဖြစ်ပါသည်။
( ဈေးသူ ဈေးသားများအနေဖြင့် ၁၀ ပေ x ၁၀ ပေ အခန်းအား ၅ ပေ x ၅ ပေ အခန်းအဖြစ် ချထားပေးပါက ၁၀ ပေ x ၁၀ ပေ (၄၃)ခန်း ချထားခြင်းအားဖြင့် ပြီးမြောက်နိုင်ကြောင်း ဆန္ဒပြုပါသည် )

သို့အတွက် ဈေးသစ်ကြီး ဖွင့်လှစ်ရန် (၃)လသာ ကျန်ရှိပါတော့သဖြင့် တာချီလိတ်မြို့၊ ၀မ်ကောင်းမြို့မဈေးသစ်ကြီးတွင် ယခင်ရောင်းဝယ်ဖောက်ကားလျှက်ရှိသည့် ပုံသေပျံကျဈေးဆိုင်ခန်း (၈၆)ခန်းအား အချိန်မှီပြန်လည် နေရာချထားပေးရန်အတွက် အရစ်ကျငွေ စတင်ပေးသွင်းခွင့်ပြုနိုင်ပါရန်နှင့် ၀မ်ကောင်းမြို့မဈေးသစ်ကြီးတွင် ပုံသေပျံကျ ဆိုင်ခန်းများအား မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဖယ်ရှားနေခြင်းကိစ္စအား သက်ဆိုင်ရာမှ အမြန်ဆုံးကွင်းဆင်းစစ်ဆေး၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် ပုံသေပျံကျ (၈၆)ခန်းမှ ဈေးသူ၊ ဈေးသားများ၏ လက်မှတ်များနှင့်အတူ သက်ဆိုင်ရာမှ သိရှိနိုင်ပါရန် တာချီလိတ်အွန်လိုင်းသတင်းဌာနသို့ ရင်ဖွင့်တင်ပြအပ်ပါသည်။

ပုံသေပျံကျ ဈေးသူ၊ ဈေးသားများကိုယ်စား
ဦးသန်းမောင်၊ ဦးမြင့်အောင်၊ ဦးခင်မောင်ဦး၊ ဦးလှခင်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~