ချစ်သောရွှေမြေ မိုင်းယောင်းမြေ မှ သွားရောက်ဖူးမြော် ထပ်လုံစေတီတော်

ချစ်သောရွှေမြေ မိုင်းယောင်းမြေ မှ သွားရောက်ဖူးမြော် ထပ်လုံစေတီတော်
ဇွန် 18, 2014
By Tachileik News Agency

မြန်မာနိုင်ငံဟာ အာရှတိုက် အရှေ့တောင်ပိုင်းတွင် ပါဝင်တည်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ မိုင် ကျယ်ဝန်းပြီး၊ မြောက်ဘက်အကျဆုံးမြို့သည် ပန်နန်းဒင်မြို့၊ တောင်ဘက်အကျဆုံးမြို့သည် ကော့သောင်းမြို့၊ အနောက်ဘက်အကျဆုံးမြို့သည် မောင်တောမြို့နှင့် အရှေ့ဘက်အကျဆုံးမြို့သည် မိုင်းယောင်းမြို့ပင်ဖြစ်ပေသည်။

ဆောင်းပါးရှင်။   ။ ဝေယံလင်း )

နိုင်ငံ၏ နယ်နိမိတ်အရ ထူးခြားမှုရှိသလို၊ မြို့၏ ထူးခြားအံ့ဩဖွယ်ကောင်းသည့် သမိုင်းဖြစ်စဉ်များနှင့်
ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးဘုရား တည်ရှိရာ၊ ဆန်ရေစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် ရှုမျှော်၍မဆုံးသော လယ်ကွက်များက ရှမ်း(အရှေ့) စပါးကျီအဖြစ် တင်စားခေါ်ဝေါ်ရာ၊ ဒေသနေ တိုင်းရင်းသားများ၏ ရိုးသားဖြူစင်ဖော်ရွေမှုနှင့်အတူ သဘာဝအလှတရားများက ကြည့်ရှုသူတိုင်း စိတ်ကြည်နူးဖွယ်ရာဖြစ်စေကာ ဘုရားဖူး ခရီးသွားအပန်းဖြေဖွယ် ကျွန်တော် နေထိုင်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ချစ်သောရွှေမြေ မိုင်းယောင်းမြေ နှင့် သမိုင်းဝင်တန်းခိုးကြီးဘုရား ထပ်လုံစေတီတော်မြတ်ကြီးအား ရေးသား တင်ပြရပါလျှင်....

( ထပ်လုံစေတီတော် )

မိုင်းယောင်းမြို့လေးသည် ရှမ်းပြည်နယ်အတွင်း တည်ရှိကာ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊
အနောက်ဘက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းဖြတ်မြို့နယ် နှင့် မြောက်ဘက်တွင် တရုတ်
ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော မြို့လေးဖြစ်ပေသည်။

မိုင်းယောင်းမြို့၏ အရှေ့တောင်ဘက်သို့ လှမ်းမျှော်ကြည့်ပါက တန်ခိုးကြီးဘုရား ထပ်လုံစေတီတော်မြတ်ကို ဖူးတွေ့ရမည်ဖြစ်ပေသည်။ ထပ်လုံစေတီတော်မြတ်ကြီးသည် ကျိုင်းဟုန်ဘုရင်၏ သားတော်ဖြစ်သည့် ခမာလွယ်များကို နှိမ်နင်းအောင်မြင်ခဲ့သော ကျောက်ဆုနန်ဘုရင်မှ အစပြု၍ မိုင်းယောင်း၏ မင်းဆက်(၁၁)ဆက်မြောက်ဖြစ်သည့် ဘုရင်ဖရာနာလာဆုမဟာလတ် မင်းကြီးလက်ထက်တွင် ကပိလ၀တ်ပြည်က မယ်တော်မဟာမာယာ၏ သားတော် သိတ္ဓတ္တမင်းသားသည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် အဖြစ်ကို ရရှိတော်မူပြီး ရဟန္တာ(၅၀၀)ခြံရံလျှက် မဟီယင်္ဂန တောင်ထိပ်ကုန်းတော်ပေါ်သို့ ကောင်းကင်ဈာန်ဖြင့်ကြွရောက်တော်မူလာပြီး ဂီရိမာန်ရသေ့အား
ဆံတော်(၄)ပင် ပေးသနားတော်မူခဲ့၏။

( မိုင်းယောင်းဈေး )

ဗုဒ္ဓမြတ်စွာဘုရားသည် ဂီရိမာန်ရသေ့နှင့်အတူ ရှေးဘ၀က ကုန်တင်သင်္ဘော(၅၀၀)ကိုဦးဆောင်ပြီး မဟီယင်္ဂနတောင်အောက်ခြေရှိ မဟိနာတီမြစ်ကြီးထဲတွင် သင်္ဘောဦးခေါင်းပိုင်းက အရှေ့ဘက်အရပ်၊ သင်္ဘော၏ အမြီးပိုင်းက အနောက်ဘက်အနေအထားဖြင့် ကုန်တင်သင်္ဘောကြီးမှောက်ကာ ဤမြစ်ကြီးထဲတွင်ပင် ရွှေငွေ ကျောက်သံပတ္တမြားနှင့်အတူ အသက်ဆုံးရှုံးပျက်စီးခဲ့ဖူးကြောင်း မှတ်တမ်းများမှ သိရှိရပေသည်။

ဤမဟိနာတီမြစ်ကြီးထဲတွင် ရွှေငါးညှပ်ငါး(၂)ကောင်၊ သင်္ဘောခေါင်းတိုင်ထဲတွင် ရွှေတီလားဗီးယား(၂)
ကောင်၊ သင်္ဘောခင်းကော်ဇောတွင် ရွှေငါးခူ(၂)ကောင်၊ သင်္ဘောထန်းတိုင်တွင် ရွှေပိုးဟပ်(ခေါ်)ရွှေမင်းသား (၂) ကောင်၊ သင်္ဘောနွားဘို့ရွက်တိုင်တွင် ငွေငါးရှဥ့်ဖြူ(၂)ကောင်နှင့် သင်္ဘောအုန်းတိုင်တွင် ဆေနားနာဂလတ်မည်သော နဂါးမင်းတို့ အသီးသီးကျင်လည် ကျက်စားနေထိုင်ကြကုန်လေ၏။

ဂီလိမာန်ရသေ့သည် ဗုဒ္ဓမြတ်စွာဘုရားထံမှ ဆံတော်(၄)ပင်လက်ခံရရှိပြီးနောက် မြတ်စွာဘုရားရှင်အား ရိုသေစွာရှိခိုးကန်တော့ပြီးသည်နှင့်တစ်ပြိုင်နက် ရဟန္တာရရှိသွားတော်မူလေ၏။ဂီလိမာန်ရဟန္တာ အရှင်သူမြတ်သည် မိမိပရိနိဗ္ဗာန်ပြုရတော့မည်ကို သိရှိတော်မူသည့်အတွက် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်(၄)ပင်အား ထီးရိုး ၀ါးကြုတ်ထဲထည့်ပြီး မဟီယင်္ဂနတောင်ကုန်းပေါ်တွင်မြုပ်နှံထားပြီးလျှင် မြောက်ဘက်တွင် ထီးရိုးဝါးပင်၊ အရှေ့ဘက်တွင် ၀ါးပိုးဝါးပင်၊တောင်ဘက်တွင်ပတ္တဲကော်ပင်နှင့် မြောက်ဘက်တွင် ရေတမာပင်များတို့ဖြင့် အသီးသီးဖုံးအုပ်စိုက်ပျိုးထားခဲ့ပြီး ဘုရင်ဖရာနလာဆုမဟာလတ် မင်းကြီးအား အကြောင်းစုံရှင်းလင်းပြသပေးပြီးသည်နှင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတော်မူလေ၏။

ထိုအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သက်တော်(၈၀)ပြည့်တော်မူပြီး ကုသိနာပြည်၌ ပရိနိဗ္ဗာန်ပြုပြီး
ဈာပနကိစ္စဆောင်ရွက်နေသည့်နေ့တွင် ဆာလာဘူရဟန္တာတစ်ပါးသည် မီးဟုန်းဟုန်း တောက်လောင်နေသည့် မီးပုံထဲသို့ ဖြတ်ဝင်သွားပြီး မြတ်စွာဘုရားရှင်၏ နဖူးဘက်ရှိ ဆံတော်(၄)ပင်နှင့်အတူ အက္ခကဟု ခေါ်တွင်သော ဗုဒ္ဓမြတ်စွာဘုရား၏ ဘယ်ဘက်ပါးရိုးတို့အား မဟိယင်္ဂနတောင်ကုန်းပေါ်သို့ ယူဆောင်လာပြီး နဂိုမူလရှိပြီးသော ဆံတော်လေးပင်နှင့် အတူ ပေါင်းထည့်ပေးတော်မူသောကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရွှေဆံတော်မှာ စုစုပေါင်း(၈)ပင် ပြည့်သွားတော်မူသောကြောင့် အဋ္ဌလီကေးဆာဟု ခေါ်ဆိုသမုတ်တော်မူလေ၏။

ထိုအခါ ဤအကြောင်းကို မဟာထေန်ကိုယ်တော်မြတ်သည် ဘုရင်နလာဆုမဟာလတ်မင်းကြီးအား
မေတ္တာရှေ့ထားပြီး အကြောင်းစုံရှင်းပြပေးတော်မူသောကြောင့် မင်းကြီးလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုတော်မူပြီးလျှင် ထန်းပင်လောက်အရွယ်ရှိပြီး အလေးချိန်ပိသာ တစ်ထောင်လောက်ရှိသည့် ရွှေကြုတ်၊ စိန်ကြုတ်တော်များ ပြုလုပ်ကာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်ဓာတုများအား ထည့်ထားတော်မူပြီးလျှင် ထီးရိုးဝါးကြုတ်၊ ရွှေကြုတ်တော်၊ စိန်ကြုတ်တော်များနှင့်အတူ သိန်းသန်းများစွာသော ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား များတို့ဖြင့် ပူဇော်မြုပ်နှံထားတော်မူလိုက်လေ၏။

မြန်မာသက္ကရာဇ်(၇၆၄)ခုနှစ်၊ ခရစ်သက္ကရာဇ်(၁၄၀၂)ခုနှစ်တွင် ဘုရင်ဖရာဆုမဟာလတ်မင်းကြီး၏ သားတော် ဆုလင်္ဂ၀ုတ္တိလက်ထက်တွင် အာနန်တရာနို၊ ဥပ္ပနနိုတ၊ ဆောက်ဘီတနှင့် ဆုဘန်ဏမည်သော ရဟန္တာ အရှင် သူမြတ်(၄)ပါးတို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ခြေချောင်းရိုးအား ယူဆောင်လာကြကြောင်း သိရှိရသည်။ 

ဘုရင် ဖရာဆုလင်္ဂ၀ုတ္တိမင်းကြီးနှင့် တိုင်းသူပြည်သားအပေါင်းတို့သည် စေတီတော်မြတ် တည်ထားကိုးကွယ်ရန် ပန္နတော်ရိုက်ပြီးလျှင် (၁၂)တောင်အနက်နှင့် (၈)တောင်အကျယ်ရှိသော မြေကြီးကိုတူးဖော်ထားကြလေသည်။ ညနေမိုးချုပ်ခါနီးအချိန်တွင် အလွန်မြင့်မြတ်သော သင်္ဃာသင်္ကန်းတော်ကို ဖြန့်ခင်းထားတော်မူပြီး မိမိတို့အိမ်သို့ အသီးသီးပြန်လာခဲ့ကြကုန်လေ၏။

ညသန်းခေါင်အချိန်တွင် နဂါးမင်းသည် သံအတိပြီးသော ဌာပနာခွက်တော်တစ်လုံးနှင့် ကျောက်သံ
ပတ္တမြားကြုတ်တော်တစ်လုံးတို့ကို တစ်ပြိုင်နက်တည်း ဖန်ဆင်းပေးထားခဲ့လေ၏ နံနက်မိုးသောက် အလင်းရောက်လာချိန်တွင် ဘုရင်ဖရာဆုလင်္ဂ၀ုတ္တိမင်းကြီးနှင့် တိုင်းသူပြည်သားအပေါင်းတို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံကေတော်(၈)ပင်နှင့် အက္ခက(ခေါ်)ဘယ်ဘက်ပါးရိုးတို့ကို ထီးရိုးဝါးကြုတ်ထဲ ထည့်တော်မူပြီး နံ့သာသစ်ကြုတ်၊ ပတ္တမြားကြုတ်၊ ရွှေကြုတ်၊ ငွေကြုတ်တော်များတို့နှင့် ၀န်းရံထည့်ထားတော်မူပြီးလျှင် ဌာပနာခွက်အလယ်၌ ပူဇော်ထားတော်မူလေ၏။

ထိုအချိန်တွင် ဗြဗ္မာမင်းသည် ပတ္တမြားကျောက်ဖျာတော် ဖန်ဆင်းပြီး အမိုးသဖွယ် မိုးပေးထားတော်မူ
ကြောင်းသိရသည်။ ရဟန္တာအရှင်သူမြတ်လည်း သာသနာနှစ်(၅၀၀၀)တိုင်တိုင်အောင် ဆီမီးထွန်းညှိပူဇော်
ပေးထားတော်မူလေ၏။ ထို့အတူ စင်္ကြ၀တေးမင်းလည်း ယက္ခဘီလူး(၄)ကောင်ဖန်ဆင်းပြီး လေးဘက်လေးတန် အရပ်အား စောင့်ရှောက်ပေးထားတော်မူလေ၏။

တစ်ဖန် နဂါးမင်းလည်း ပတ္တမြားကျောက်ဖျာတာ် ဖန်ဆင်းပေးပြီး ထပ်မံဖုံးထားပေးတော်မူလေ၏။ ထို့နောက် ရဟန္တာအရှင်သူမြတ်သည် နောက်ထပ်တဖန် ဟိမ၀န္တာ က ကျောက်တုံးကြီးလေးတုံးနှင့် သိကြားမင်းသည်လည်း သီရီလင်္ကာအုတ်များတို့ဖြင့် စေတီတော်အောက်ခြေပိုင်း အဆင့်ပြီးသည်အထိ တစ်ညတည်းနှင့် တည်ထား ပေးတော်မူလိုက်ကြလေကုန်တော့၏။

ဆက်လက်ပြီး ဖရာဆုလင်္ဂ၀ုတ္တိမင်းကြီးနှင့်တိုင်းသူပြည်သားအပေါင်းတို့လည်း နတ်သိကြားအပေါင်းတို့ တည်ထားပေးတော်မူကြသည့် စေတီတော်အောက်ခြေပိုင်းအဆင့်မှဆက်၍ စေတီတော်တစ်ဆူလုံးပြီးသည်အထိ တည်ထားလိုက်ကြကုန်လေတော့၏။ ထိုသို့ တည်ထားကိုးကွယ်ခဲ့သော ထပ်လုံစေတီတော်မြတ်ကြီးကို တန်ဆောင်မုန်းလပြည့်နေ့တွင် စတည်ပြီး ကဆုန်လပြည့်နေ့ရောက်မှ ပြီးစီးသွားကြောင်း သမိုင်းမှတ်တမ်းများမှသိရှိရပါသည်။

ထပ်လုံစေတီတော်ကို ဗုဒ္ဓသာသနာအရှည် တည်တံ့နေရန်ရည်ရွယ်ပြီး အပိုင်းသုံးပိုင်းဖြင့် စနစ်တကျတည်
တော်မူထားသည်ကို ဖူးတွေ့ရမည်ဖြစ်ပါသည်။ ပထမဆုံးအပိုင်းသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံကေတော်(၈)ပင်နှင့် အက္ခက(ခေါ်)ဘယ်ဘက်ပါးရိုးကို ထပ်လုံစေတီတော်။ ဒုတိယပိုင်းသည် မြို့ဘက်မှ စီးအုပ်ဖူးတွေ့နိုင်သည့် သတ္တစွယ်တော် ထပ်ကြန့်ကောက်စေတီတော်နှင့် ထပ်အွမ်ကျောက် စေတီတော်။ တတိယပိုင်းသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေချောင်းရိုးတော်အား မယ်ခေါင်ဘက်အနီး ဆွပ်ယောင်းရှိ ထပ်မွဲဆီလီတပ်စေတီတော် တို့ဖြစ်ပါသည်။

 ထို့အပြင် ထပ်လုံစေတီတော်၏ အရှေ့ဘက်အရပ်လွယ်ဖာငူရှိ စတုစွယ်တော် ထပ်ကျင်းကူမ်းစေတီတော် ဖြစ်ပါသည်။ ထို့နောက် ဟွေလတ်ရွာက သူဌေးလင်မယားနှစ်ဦးသည် ကိုးကွယ်ရန် စတုစွယ်တော်နှင့် ဆံကေတော်(၂)ပင် လာရောက် တောင်းယူသွားပြီး မိုင်းယုရှိထပ်ပူခမ်းစေတီတော်တည်ထား
ကိုးကွယ်လျက်ရှိကြသည်ကို ယနေ့ထက် တိုင်အထိပင်ဖြစ်ပါသည်။

ထိုစဉ်က(၂၈)မြို့သော တိုင်းသူပြည်သားများကို ဦးဆောင်ပြီး စေတီတော်(၁၀)ဆူ ပြီးစီးအောင် ဦးဆောင် ဦးရွက် တည်ထားတော်မူပေးသည့် ဘုရင်ဖရာဆုလင်္ဂ၀ုတ္တိမင်းကြီးနှင့် ဒေ၀ီမိဖုရားခေါင်ကြီးတို့အား နတ်လူသာဓု ခေါ်ဆိုလျက်ရှိကြောင်း သိရှိမှတ်သားရပေသည်။

ထို့အပြင် မြန်မာသက္ကရာဇ်(၇၆၅)ခုနှစ်၊ ခရစ်သက္ကရာဇ်(၁၄၀၇)ခုနှစ်အချိန်တွင် ရှင်အာနန်တရာနို၊
ရှင်ဥပ္ပနနိုတ၊ ရှင်ဆောက်ဘီတနှင့် ရှင်ဆုဘဏ္ဏမည်သော ရဟန္တာအရှင်သူမြတ်(၄)ပါးတို့သည် ခရမ်းကျောက်ရောင်ရှိသည့် မင်္ဂလာမြေများနှင့်အတူ အိန္ဒိယနိုင်ငံအရှေ့ဘက်ပိုင်းရှိ ဗုဒ္ဓမြတ်စွာဘုရား၏ ဘုရားရှင်အဖြစ်ကို ရရှိတော်မူစေသည့် မဟာပိုထိရွှေညောင်ပင်၏အကိုင်းကို ဖြတ်ယူပင့်ဆောင်လာပြီး ထပ်လုံရွှေစေတီတော်မြတ်ကြီး၏ အရှေ့မြောက်ဘက်အရပ်တွင်လည်းကောင်း၊ ချင်းမိုင်မြို့ဦးညောင်ပင် အကိုင်းအား ပူဟွေ့တွင် လည်းကောင်း၊ ပန်ကြားနဂွမ်းမြို့ဦးညောင်ပင်အကိုင်းအား ၀မ်ကြူးဘုန်းတော်ကြီးကျောင်းထောင့်တွင် လည်းကောင်း၊ ပုဂံညောင်ပင်ကိုင်းအား ၀မ်ကြူးကျေးရွာအလယ်တွင် အသီးသီး စိုက်ပျိုးပေးထားခဲ့လေသည်။

ထိုရွှေညောင်ပင်(၄)ပင်စလုံးအား ရဟန္တာအရှင်သူမြတ်(၄)ပါးတို့မှ ကဆုန်လပြည့်နေ့တွင် တစ်ပြိုင်နက်တည်း စိုက်ပျိုးပေးထားတော်မူခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းယောင်းမြို့ရှိ သမိုင်းဝင် ထပ်လုံစေတီ တော်မြတ်ကြီးနှင့် ရွှေညောင်ပင်ကြီးဆီသို့ ယနေ့ထက်တိုင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လှည့်လည်ဖူးမြော် ကုသိုလ်ပွားလျက်ရှိပါကြောင်း ရှမ်းအရှေ့မှ သဘာဝအလှတရားများ အကြောင်းကို ထပ်ဆင့်ရေးသား တင်ပြလိုက်ရပါသည်။

ဆောင်းပါးရှင်။   ။ ဝေယံလင်း

မှီငြမ်းကိုးကားမှတ်တမ်း-

၁။ သာသနာနှစ်(၂၅၄၉)ခုနှစ်၊ မြန်မာသက္ကရာဇ်(၁၃၆၇)ခုနှစ်တွင် မိုင်းယောင်းမြို့ ဟိုခုံပဋိယတ္တိ ဘုန်းတော်ကြီးကျောင်းက ဘိက္ခုခမ်းလျှဲန်း (အရှင်တိဆာဝန်းလို)မှ စီစဉ်ရိုက်နှိပ်ထုတ်ဝေသည့် ထပ်လုံစေတီတော်နှင့် ရွှေညောင်ပင်သမိုင်းစာအုပ်မှ မြို့နယ်သမိုင်းပြုစုရေးကော်မတီက သမိုင်းဝင် တန်ခိုးကြီးထပ်လုံရွှေစေတီတော်မြတ်ကြီးနှင့် ရွှေညောင်ပင်အကြောင်းအားဘာသာပြန် ဆိုထားခြင်းမှတ်တမ်း။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~