သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ရေးသားဖော်ပြထားသော ကိုးထပ်ဟိုတယ်တွင် (၁၂)အရွယ် မိန်းကလေးတစ်ဦး သေဆုံးမှု သတင်းမှာ စုံစမ်း စစ်ဆေးမှုအရ ကောလဟလသတင်းသာဖြစ်ကြောင်း သိရှိရ

သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ရေးသားဖော်ပြထားသော ကိုးထပ်ဟိုတယ်တွင် (၁၂)အရွယ် မိန်းကလေးတစ်ဦး သေဆုံးမှု သတင်းမှာ စုံစမ်း စစ်ဆေးမှုအရ ကောလဟလသတင်းသာဖြစ်ကြောင်း သိရှိရ
အောက်တိုဘာ 24, 2012
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် မြန်မာသတင်းဌာနတစ်ခုဖြစ်တဲ့ သျှမ်းသံတော်ဆင့် သတင်းစာမျက်နှာမှာ အောက်တိုဘာ(၂၃)ရက်နေ့က ဖော်ပြခဲ့တဲ့ "ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး"ဆိုသော သတင်းဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ထိုသတင်းမှာ မှားယွင်းစွာဖော်ပြထားသော သတင်းဖြစ်ပြီး ကောလဟလသာဖြစ်ကြောင်းကို စုံစမ်းသိရှိရပါတယ်။

 
{သျှမ်းသံတော်ဆင့်တွင် ဖော်ပြထားသော သတင်းအမှား}
{တာချီလိတ်အွန်လိုင်းသတင်းသို့ မေလ်းပို့မေးမြန်းလာခြင်း}

သျှမ်းသံတော်ဆင့် သတင်းဌာန၏ ဖော်ပြမှုကြောင့် တာချီလိတ်အွန်လိုင်းစာမျက်နှာရှိ ဆက်သွယ်ရန်မှ တဆင့် ထိုသတင်းကိစ္စနှင့်ပတ်သက်ပြီး ဟုတ်မှန်မှုရှိ မရှိ ကို မေးမြန်းလာမှုများ ရှိခဲ့ပါတယ်။

မိန်းကလေးငယ်သေဆုံးမှုသတင်းအား တာချီလိတ်မြို့ရှိ လူတစ်ချို့မှာ စက်တင်ဘာလကတည်းက ကြားသိခဲ့ရတယ်လို့ ပြောပါတယ်။ တစ်ချို့ရဲ့ ပြောဆိုချက်အရမှာ ပုန်းထွန်ရပ်ကွက်တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေး ထိုသို့ဖြစ်၍ သေဆုံးကြောင်း ကြားသိရတာကြောင့် တာချီိလိတ်အွန်လိုင်းစာမျက်နှာ အနေဖြင့် သွားရောက်စုံစမ်းခဲ့ပါသေးတယ်။


ထို့အပြင် နောက်ရက်များတွင်လည်း ပါလျှံရပ်ကွက်တွင် အသက်(၈)နှစ်အရွယ်မိန်းကလေးတစ်ဦး ထိုသို့ဖြစ်ပွားတယ်လို့ ထပ်မံကြားသိခဲ့ရပြန်ပါတယ်။ သတင်းအမျိုးမျိုးထွက်လာကြပြီး အသက်အရွယ်အတိအကျ မရှိတာကိုလည်း သိရပါတယ်။ ထိုသို့ သတင်းမျိုး မကြာခဏ ကြားသိရခြင်းကြောင့် ကြားသိရတဲ့နေရာသို့ သွားရောက်မေးမြန်းစုံစမ်းတဲ့အခါမှာလည်း ကောလဟလသာဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။

ယခု သျှမ်းသံတော်ဆင့်သတင်းဌာန၏ ဖော်ပြချက်နဲ့ပတ်သက်ပြီး တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများနှင့် အင်တာနက်သုံးစွဲသူ ပြည်သူများမှာ ဇဝေဇ၀ါဖြစ်သွားခဲ့ပါတယ်။ အကြောင်းမှာ တာချီလိတ်သတင်းဌာနအပြင် မြို့တွင်းနေထိုင်သူများပင် မသိရှိကြပဲ ပြင်ပသတင်းဌာနက သိရှိနေသည်ဆိုသည့်အပေါ် စဉ်းစားစရာဖြစ်ခဲ့သည့်အပြင် ထိုသတင်းအား မယ်ခေါင်မြစ်ဟိုတယ်၌ အလုပ်လုပ်သူ ၀န်ထမ်းတစ်ဦးက ပြောပါတယ် ဆိုတာက စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ လူတစ်ဦးတစ်ယောက်၏ ပြောဆိုချက်ကို အတည်ပြု၍ သတင်းရေးသည်မှာ ခိုင်လုံသော သတင်းဖြစ်နိုင်ခြေ နည်းပါးနိုင်လို့ ယူဆပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်မြို့ရှိ လူကုန်ကူးတားဆီးနိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များမှ မယ်ခေါင်မြစ်(ကိုးထပ်)ဟိုတယ် သို့ သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး သျှမ်းသံတော်ဆင့် သတင်းဌာန၏ ဖော်ပြချက်တွင် "၁၇ ရက်နေ့ည" ဟု ပါရှိတာကြောင့် ၁၅.၁၀.၂၀၁၂ မှ ၁၈.၁၀.၂၀၁၂ နေ့ထိ ညပိုင်း တာဝန်ကျ ၀န်ထမ်းများအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး (၄)ရက်အတွင်း ဧည့်စာရင်းကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ထိုသတင်းမှာ လုံးဝ မှန်ကန်မှုမရှိကြောင်း အတည်ပြုပြောဆိုသွားတယ်လို့ ကြားသိရပါတယ်။

ပြင်ပသတင်းမီဒီယာများအနေဖြင့် လူတစ်ဦးတစ်ယောက်၏ ပြောဆိုချက်အပေါ် အတည်ပြုပြီး သတင်းရေးသားဖော်ပြခြင်းမှာ မှန်ကန်နေလျှင် ကိစ္စမရှိပဲ မှားယွင်းနေပါက တစ်ချို့လူတွေအတွက် ထိခိုက်နစ်နာမှုများ ဖြစ်စေတတ်ပါတယ်။ လူတစ်ဦးတစ်ယောက်အနေဖြင့် အကြောင်းအရပ်တခုခုအပေါ် မကျေနပ်၍ စကားကို အကျယ်ချဲ့ပြီး ပြောဆိုမှုများလည်း ရှိတတ်ပါတယ်။ ထို့အတွက်ကြောင့် ပြင်ပသတင်းဌာနများအနေဖြင့် သတင်းဖြစ်လျှင်ပြီးရော ပုံစံမျိုးဖြင့်  ကောလဟလသတင်းများကို အတည်ပြုရေးသားခြင်းဟာ တစ်ချို့လူတွေအတွက် ထိခိုက်နစ်နာမှုများဖြစ်စေပါတယ်။

ထိုကဲသို့ သတင်း မှားယွင်းဖော်ပြမှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့ရှိ ဥပဒေပညာရှင်တစ်ဦးကလည်း ထိုသတင်းဌာနမှာ ပြည်တွင်းမှာသာဆိုလျှင် ယခုဖြစ်ပေါ်နေသော ဂျာနယ်များကို တရားစွဲသလိုမျိုး တရားစွဲလို့ ရနိုင်ကြောင်း ပြောကြားလာပါတယ်။