တာချီလိတ်မြို့၌ ရုတ်တရက်ရေဘေးဒဏ်ခံရသူ(၁၂၀)ခန့်အား အဖွဲ့လေးဖွဲ့မှ သွားရောက်ကူညီ

တာချီလိတ်မြို့၌ ရုတ်တရက်ရေဘေးဒဏ်ခံရသူ(၁၂၀)ခန့်အား အဖွဲ့လေးဖွဲ့မှ သွားရောက်ကူညီ
သြဂုတ် 25, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ 12:30AM ခန့်မှစ၍ တာချီလိတ်မြို့တွင် လျှပ်တပြက်မိုးကြီး ရေတက်လာခဲ့ရာဝမ်ကောင်းရပ်ကွက်ရှိ ချောင်းငယ်မှ ရေတက်လာမှုမျိုးဖြစ်ခဲ့သည့်အတွက် လူဦးရေ(၁၂၀)ခန့်သည် ရေတက်လာမှုကြောင့်ရေဘေးသင့်ဒုက္ခရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Link
ထိုရေဘေးသင့်နေရာများသို့ တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲနန္ဒာလင်း နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအ၀င် စေတနာရှင်အလှူရှင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်လူငယ်များနှင့် တာချီလိတ်လူငယ်များအဖွဲ့ စသည့် အဖွဲ့သုံးဖွဲ့ တို့သည် လိုအပ်နေသည့်နေရာများအား သွားရောက်၍ ကူညီမှုများပေးခဲ့ကြသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ကူညီမှု
ရေဘေးသင့်သော လူများအတွက် တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲနန္ဒာလင်း နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ(၈)ဦးခန့်အပါအ၀င် စေတနာရှင်အလှူရှင်များမှ မာမားခေါက်ဆွဲခြောက်များ ရေသန့်ဗူးများ၊ ငါးသေတ္တာဗူးများ နှင့် ထမင်းဗူးများကို
ပေးဝေခဲ့ကြပြီး ရေဘေးကြောင့် ပွန်းပဲ့ဒဏ်ရာရသူ လူတစ်ဦးအား ဆေးကုသမှုများပေးခဲ့ကြသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်လူငယ်အဖွဲ့၏ ကူညီမှု
တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်ကော်မရှင် ဦးဘခင်နှင့် ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ဝင်များပါဝင်သည့် လူငယ်အဖွဲ့ဝင်(၁၇)ဦးတို့သည် ရေဘေးသင့်သော အိမ်များသို့ သွားရောက်၍ သန့်ရှင်းရေးများ ရေတွင်းဆေးပေးမှုများ ပြုလုပ်ပေးခဲ့ကြပြီး ဆန်နှင့် ဆီများလည်း ပေးဝေခဲ့ကြသည်။





ထို့အပြင် မိုးကုတ်ရိပ်သာခွဲရှိ ရေအားကြောင့် ပျက်စီးပြိုလဲနေသော အုတ်တံတိုင်းအား ရှင်းလင်းခြင်းနှင့် ရေတွင်းဆေးပေးခြင်းများဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

တာချီလိတ်လူငယ်များအဖွဲ့၏ ကူညီမှု
ရေဘေးသင့်သော လူဦးရေ(၁၂၀)ဦးခန့်အား နေ့လည်စာအတွက် တာချီလိတ်လူငယ်များအဖွဲ့မှ ထမင်းဗူးများနှင့်ရေသန့်ဗူးများအား သွားရောက်ပေးဝေခဲ့ကြပါသည်။


အလင်းရောင်ပရဟိတအဖွဲ့ဝင်များ၏ ကူညီမှု
ရေဘေးသင့်သော လူဦးရေ(၁၂၀)ဦးခန့်အား ညစာအတွက် အလင်းရောင်ပရဟိတအသင်းမှ သွားရောက် ပေးဝေခဲ့ကြောင်းလည်း သိရှိရပါသည်။

ချောင်းငယ်ဘေးရှိ နေအိမ်များအတွင်းသို့ ရေများ ၀င်ရောက်မှုကြောင့် အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ နေရာထိုင်ခင်းများ စသည်တို့သည် ရွံ့နွံများဖြင့်
ပေကျံနေခဲ့တာများရှိခဲ့သလို ရေထဲပါသွားသည်များလည်းရှိခဲ့ကြောင်းသိရသည်။ ၀မ်ကောင်းရပ်ကွက် ကချင်ရွာဘက်သွားသော အမေပုအိမ်ဝန်းဟု လူသိများသည် အိမ်ဝန်းအနီးတွင်
ချောင်းငယ်တစ်ခုရှိတာကြောင့် ရေများ အဆမတန်တက်ခဲ့မှုဖြစ်ပေါ်ခဲ့ရာ ထိုအိမ်ဝန်းထဲရှိ အိမ်ခန်းငှားနေသူများမှာ ညမှောင်မဲထဲ ကြောက်လန့်စိတ်ဖြင့် ငိုနေကြသည့် ကလေး သူငယ်များ နှင့်
မျက်မမြင်အမျိုးသမီးတစ်ဦး၏ သားသမီးဇောဖြင့် ရွံ့နွံထဲအလန့်တကြားအော်ဟစ်သံများ ပစ္စည်းများကို သယ်ယူရွေ့ပြောင်းနေကြသူများ ရွံ့နွံထဲမှ ရုန်းထွက်နေကြသော ကလေး သူငယ်များ စသည့်ဖြင့် လူဦးရေ(၅၀)ကျော်တို့သည် ထိုည၏ ရုတ်တရက်ဖြစ်ပေါ်လာသော ရေတက်လာမှုကို ခံခဲ့ကြရပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net