ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင် ကွယ်လွန်

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင် ကွယ်လွန်
မေ 6, 2013
By Tachileik News Agency

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်သည် မေလ(၆)ရက်နေ့ နံနက်(၂း၃၀)နာရီခန့်က ရန်ကုန်မြို့၌ ဆေးကုသမှုခံယူနေစဉ်အတွင်း ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းသည် (၂၀၀၄)ခုနှစ်မှ (၂၀၀၉)ခုနှစ်အထိ အ.ထ.က(တာချီလိတ်)တွင် ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာချီလိတ်မြို့တွင် ပညာရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

 ယင်းနောက် ပညာရေးမှူးအဖြစ် အနားယူခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ကာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ထိုမှတဆင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး အဖြစ် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်စေခဲ့သည်။

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်သည်  တောင်ကြီးမြို့ရှိ နေအိမ်တွင် နေမကောင်းဖြစ်ပြီးနောက် ဆေးကုသမှုခံယူရန်အတွက် ရန်ကုန်မြို့သို့သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ်အတွင်း မေလ(၆)ရက်နေ့ နံနက်(၂း၃၀)နာရီခန့်က ကွယ်လွန်သွားခဲ့တာဖြစ်သည်။  ၎င်းကွယ်လွန်ချိန်တွင် အသက်(၅၆)နှစ်ရှိပြီး ဖြစ်ကြောင်း သိရှိရသည်။