မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှ လုပ်ငန်းကိစ္စရပ်များအတွက် တွေ့ဆုံစည်းဝေး

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှ လုပ်ငန်းကိစ္စရပ်များအတွက် တွေ့ဆုံစည်းဝေး
မေ 7, 2013
By Tachileik News Agency

ယနေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များသည် ပထမအကြိမ်အဖြစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာချီလိတ်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော်မတီဝင်များဖြစ်သည့် ဥက္ကဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး ဦးကျော်ငြိမ်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်လှ၊စီးပွားရေးအသင်းအဖွဲ့ ကိုယ်စားလှယ် ဦးတင်နွယ်၊ တောင်သူလယ်သမားကိုယ်စားလှယ် ဦးပေတလု တို့ တက်ရောက်ခဲ့ကြသည်။

၎င်းတို့၏ ဆွေးနွေးချက်တွင် ဒေသနေပြည်သူများ၏ တင်ပြချက်များအရ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး နှင့် လမ်းကိစ္စရပ်များကို ဆွေးနွေးအကြံပြုခဲ့ကြပြီး ဆုံးဖြတ်ချက်များကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ တဆင့်ပြန်လည်တင်ပြကာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို တက်နိုင်သည့်ဘက်မှ စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ပြီး ထို့အတူ ဌာနဆိုင်ရာများ၏ လုပ်ငန်းများအောင်မြင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ကော်မတီအနေဖြင့် ယခုကဲ့သို့ လစဉ်အစည်းအဝေးများကို ပြုလုပ်၍ ဒေသနေမိဘပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများအနေဖြင့်လည်း အများအကျိုးအတွက် အမှန်တကယ်လိုအပ်နေသည်များကို အဆိုပါ ကော်မတီထံသို့ လာရောက် တင်ပြနိုင်ကြောင်းလည်း သိရသည်။

 မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို ၂၀၁၃ခုနှစ် မတ်လ(၂၀)ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် ဦးကြည်မြင့် နှင့် အတွင်းရေးမှူးအဖြစ် ဦးကျော်ငြိမ်းတို့အပါအ၀င် ကော်မတီဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။