ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ၀မ်ကောင်းရပ်ကွက်၌ ပြုလုပ်

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ၀မ်ကောင်းရပ်ကွက်၌ ပြုလုပ်
မေ 7, 2013
By Tachileik News Agency

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ သာရေး/နာရေး ဓမ္မာရုံတွင် ကျောင်းနေရွယ် ကလေးသူငယ်များအား သင်တန်းပေးနေလျှက်ရှိသော နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၏ သင်တန်းဆင်းပွဲ နှင့် ဆုပေးပွဲကို မေလ(၆)ရက်နေ့ ည(၇)နာရီက ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းမှအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဆရာတော် ဘဒ္ဒန္တရေ၀တ (ဓမ္မစရိယ) ကိုယ်စား လက်ထောက်ဦးဇင်းတစ်ပါးမှ သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်တော်မူပြီး မြို့နယ်သာသနာရေးဦးစီးမှူး၊ ၀မ်ကောင်းအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်ကို တွေ့ရှိရသည်။

နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် သင်ကြားမှုပြီးသည့်နောက် စာမေးပွဲဖြေဆိုရာ၌ မူလတန်းအဆင့်အနေဖြင့် (၆၅)ဦးရှိရာ ထိုအထဲမှာမှ (၁၀)ဦး အောင်မြင်ကြောင်းနှင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် (၄၇)ရှိရာ (၂၀)ဦး ဖြေဆိုမှုအောင်မြင်ကြောင်း သိရသည်။

ဖြေဆိုမှုအောင်မြင်သူများအနက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် ရမှတ်အများဆုံးဖြင့် ဖြေဆိုနိုင်သူ ကျောင်းသား/သူ (၁၀)ဦးအား ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ နှင့် ပဉ္စမဆု စသည်ဖြင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/သူများဖြစ်သည့် ကျောင်းသား/သူများကို သင်တန်းဆင်းလက်မှတ် အသီးသီး ပေးအပ်ခဲ့ကြသည်။

 

လာမည့် မေလ(၂၅)ရက်နေ့တွင် တာချီလိတ်မြို့ရှိ တာလော့ကျောင်းတွင် ပြုလုပ်မည်ဖြစ်သော မြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာစာမေးပွဲ၌ ယခုသင်တန်းတွင် အောင်မြင်ထားကြသူများအနေဖြင့် ၀င်ရောက်ဖြေဆိုလိုပါက ဖြေဆိုနိုင်ကြောင်းနှင့် ဖြေဆို၍ အောင်မြင်သွားပါက ပြည်နယ် မှ တဆင့် နိုင်ငံတော်အဆင့်ထိ ၀င်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။

ပုံများကိုကြည့်ရန်