တာချီလိတ်မြို့ရှိ လူမှုအကျိုးပြု အသင်းများ

တာချီလိတ်မြို့ရှိ လူမှုအကျိုးပြု အသင်းများ
ဇူလိုင် 27, 2012
By Tachileik News Agency

ယခုလက်ရှိတာချီလိတ်မြို့တွင် လူမှုကူညီရေးအသင်း (၂)သင်းရှိပါသည်။ မေတ္တာရှင် သာရေး နာရေး ကူညီမှုရေးအသင်းများ နှင့် အလင်းရောင်ပရဟိတအသင်း တို့ဖြစ်သည်။ ထိုလူမှုကူညီအသင်း၏ လုပ်ဆောင်ချက် များကို တာချီလိတ်မြို့ရှိ အင်တာနက်အသုံးပြုသူများအပြင် အလှူရှင်များ ပေါ်ပေါက်လာစေရန် အတွက် ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ရည်ရွယ်ပြီး တာချီလိတ်အွန်လိုင်းစာမျက်နှာမှ တာဝန်ယူ၍ ပညာဒါနအဖြစ် အခမဲ့ လွှင့်တင်ပေးထားပါသည်။ website အပြင်အဆင်မှာ အသင်းများ အားလုံး တူညီစေရန်အတွက် ပုံစံအတူဖြစ်ပြီး Domain name အတွက်ကိုတော့ tachileik.net အမည်ပါသော လိပ်စာကို ခွဲထုတ်ပေးထားပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်သော အသင်းအဖွဲ့အများအနေဖြင့် website အကူအညီလိုပါက တာချီလိတ်အွန်လိုင်းစာမျက်နှာမှ ပညာဒါနအဖြစ် အခမဲ့တာဝန်ယူပြုလုပ် ပေးမည်ဖြစ်ပြီး မိမိတို့ ကိုယ်တိုင်ပြုလုပ်လိုပါက ပြုလုပ်နိုင်သလို tachileik.net အမည်ပါသော လိပ်စာအား အသုံးပြုလိုလျှင် တာချီလိတ်အွန်လိုင်းစာမျက်နှာအား ဆက်သွယ်၍ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။

လူငယ်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ

ယခုဆိုလျှင်မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် များသောအားဖြင့် လူငယ်များ စုစည်း၍ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်နေကြသည်မှာ အားရစရာ အားကျစရာ ဖြစ်ပါသည်။ လူငယ်များအနေဖြင့် မိမိတို့၏ အားလပ်သော အချိန်များကို ဖဲ့၍ လူမှုအကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်ပါက ပီတိရပါလိမ့်မည်။ သူတစ်ပါးကို ကူညီလိုက်သော အရာမှ ပြန်လည်ရရှိလာသော အရာသည် တန်ဖိုးကြီးမားသည့် ပီတိ ဖြစ်ပါသည်။

လူငယ်များ အများအကျိုးအတွက်ဖြစ်စေ၊ ကိုယ်မြို့ကိုယ်ရွာ အတွက်ဖြစ်စေ၊ ကလေးသူငယ်များအတွက်ဖြစ်စေ၊ စသည်ဖြင့် ခေါင်းစဉ်တပ်ကာ အသင်းအဖွဲ့များ ပြုလုပ်၍ မိမိတို့ တတ်နိုင်သလောက် လုပ်နေကြသည်ကို ယနေ့ မြန်မာနိုင်ငံတွင် တွေ့မြင်ရနေပြီဖြစ်ပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ "တို့ကတော့ ပိုက်ဆံရတဲ့ အလုပ်ပဲ လုပ်မယ် ပိုက်ဆံမရတဲ့ အလုပ်တွေကို အချိန်ကုန်ခံပြီး မလုပ်နိုင်ဘူး" " မင်းတို့မို့ အားအားယားယား ဒီလိုအလုပ်တွေ လိုက်လုပ်နေတယ်" "ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုန်းကြီးဝတ်တော့မလို့လား/ မယ်သီလရှင်ဝတ်တော့မလို့လား" အဲ့လိုတွေ ပြောလာတာမျိုး ရှိတတ်ပါသည်။ သို့သော် လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေသည့် လူငယ်များအနေဖြင့် စိတ်ကြောင့်ကြရန် မလိုပါ။ သူတစ်ပါးကို ကူညီနိုင်ခဲ့သည်ဖြစ်တာကြောင့် မိမိလုပ်ရပ်ကို ဂုဏ်ယူနေဖို့ ပီတိယူနေဖို့ပဲလိုပါသည်။

လူတိုင်း မလုပ်နိုင်သော အလုပ်ကို လုပ်နေကြသော လူငယ်များအား အများက အားပေးနေကြမည်မှာ မလွဲပါ။ ထို့ကြောင့် တာချီလိတ်မြို့ရှိ လူငယ်များအနေဖြင့် လူမှုအကျိုးအတွက် မိမိတို့ဘက်က တတ်စွမ်းသမျှ
ဖြည့်ဆည်းပေးနိုင်ကြမည်ဆိုလျှင် ရလာဒ်ကောင်း ဖြစ်လာလိမ့်မည်ဟု ယူဆပါသည်။



မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်း

Website: : mts.tachileik.net
Faecbook : www.fb.com/mettashintcl


မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်းကြီးကို တာချီလိတ်မြို့နယ်ဆိုင်ကယ်အစည်းအရုံးအသင်းမှ ကြီးမှူး၍ ဆိုင်ကယ်တက္ကစီ(Taxi)သမားများနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များ နာရေးဖြစ်ပေါ်လာသည့်အခါ အခက်အခဲမရှိ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အခြေခံကာ၂၀၀၉ခုနှစ် မေလ(၁)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြသည်။

ယခု ၂၀၁၂ ဆိုလျှင် အသင်း၏ သက်တမ်းမှာ(၃)နှစ်ကျော်လာခဲ့ပြီး အသင်း၏ ဥက္ကဌမှာ ဦးဘိုစံဖြစ်သည်။ အသင်းကို နာယက( ၁၂ )ဦး နှင့် လက်ရှိအသင်းဝင်(၆၀)ဦးတို့ဖြင့် ဖွဲ့စည်းထားကြသည်။ အသင်းတွင် အသင်းဝင်အိမ်ထောင်စုဝင်ဦးရေ (၁၃၀၀၀)ကျော်ရှိသည်။ အသင်းဝင်ကြေးအဖြစ် လစဉ်ကြေးမှာ မိသားတစ်စုလျှင် (၅၀)ဘတ် သတ်မှတ် ပါသည်။

=--------------=-------------------=

အလင်းရောင်ပရဟိတအသင်း

Website: : alinyaung.tachileik.net
Faecbook : www.fb.com/ALinYaungWelfare


အလင်းရောင်ပရဟိတအသင်း၏ အစမှာ ပူဂဓမ္မ ပရဟိတ လူငယ်များအဖွဲ့ အမည်ဖြင့် ၂၀၁၂ခုနှစ်
ဖေဖော်ဝါရီလ(၂၁)ရက် တွင်ဖွဲ့စည်းခဲ့ပြီး သီတဂူဆရာတော်ဘုရားကြီးမှ ပူဂဓမ္မ အမည်ကို မသင့်မြတ်သောကြောင့်ပြောင်းလဲရန် မိန့်တော်မူခဲ့သည်ဖြစ်တာကြောင့်၂၀၁၂ခုနှစ် ဖော်ဖော်ဝါရီလ(၂၃)ရက်မှာ အလင်းရောင်ပရဟိတအသင်း အမည်ဖြင့် အတည်ပြု ဖွဲ့စည်းခဲ့သော အသင်းဖြစ်ပါသည်။

အလင်းရောင်ပရဟိတအသင်းသည် ဘာသာရေး၊ သာရေး၊ နာရေး နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် ဖွဲ့စည်းထားသော အသင်းဖြစ်သည်။ အသင်း၏ ဥက္ကဌမှာ ဦးမြင့်ဦး ဖြစ်ပြီး အသင်းတွင် နာယက (၄)ဦးနှင့် အသင်းသား (၁၀၀)ကျော်ဖြင့် ဖွဲ့စည်းထားသည်။ အသင်းဝင်ကြေးအဖြစ် လစဉ်ကြေးမှာ အသင်းသားတစ်ဦးလျှင် (၅၀)ဘတ် သတ်မှတ်ပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net