တာချီလိတ်မြို့ရှိ မြို့မဈေးဟောင်းကို အသစ်ပြန်လည်တည်ဆောက်ရန် စည်ပင်အဖွဲ့မှ ဈေးသူ ဈေးသားများအား ခေါ်ယူ၍ ဆန္ဒခံယူ

တာချီလိတ်မြို့ရှိ မြို့မဈေးဟောင်းကို အသစ်ပြန်လည်တည်ဆောက်ရန် စည်ပင်အဖွဲ့မှ ဈေးသူ ဈေးသားများအား ခေါ်ယူ၍ ဆန္ဒခံယူ
ဇူလိုင် 17, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် ဇူလိုင်(၁၇)ရက်နေ့ နေ့လည် (၁၂း၄၀)မှာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဗိုလ်မှူးကိုကို နှင့် အမှုဆောင်အရာရှိအဖွဲ့တို့သည် မြို့မအတွင်းရှိ ဆိုင်ခန်းများဖြင့် ဈေးရောင်းချသော ဈေးသူဈေးသားများနှင့်
တွေ့ဆုံဆွေးနွေးပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


၎င်းတို့ တွေ့ဆုံဆွေးနွေးမှုတွင် ဈေးအတွင်း ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ဈေးကို ဖျက်၍
ပြန်လည်တည်ဆောက်မည်ကို သဘောတူညီမှုရှိ မရှိ အခမ်းအနားသို့ တက်ရောက်လာသူ
ဈေးသူ ဈေးသား(ဆိုင်ခန်းပိုင်ရှင်များ) အင်အား(၇၀)ကျော်ရဲ့ ဆန္ဒကို ကောက်ခံရာ အားလုံးမှ (၃)ကြိမ်တိုင်တိုင် သဘောတူညီကြောင်း တခဲနက် အတည်ပြုကြကြောင်းကို တွေ့ရှိရသည်။


စည်ပင်ဗိုလ်မှူးကိုကိုမှ ဦးဆောင်သော စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မဈေးသူ/သား တို့ အပြန်အလှန်
ဆွေးနွေးကြရာတွင် ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူမှ "ဆိုင်ခန်းကို ပြန်လည်
တည်ဆောက်မယ်ဆိုတော့ ဆိုင်ခန်းပိုင်ရှင်တွေရဲ့ အခန်းကို ဘယ်လို သတ်မှတ်ပေးနိုင်မလဲ"ဟု မေးလာသည့်အပေါ် စည်ပင်ဗိုလ်မှူးကိုကိုမှ "အဲ့ဒီအတွက် ပူပန်စရာမလိုကြောင်း အခန်းပိုင်ရှင်များကို မူလ အခန်းနံပါတ်အတိုင်း ပြန်လည် သတ်မှတ်ပေးမှာဖြစ်ပြီး အခန်းရဲ့ အလျားအနံကိုတော့ အခြားဆိုင်ခန်းများနည်းတူ သတ်မှတ်ပေးမည်ဖြစ်ကြောင်း"ပြန်လည် ဖြေကြားသည်ကို ကြားသိရသည်။


နောက်ထပ် ဈေးသား တစ်ဦးဖြစ်သူမှ ထပ်မေးလာရာတွင် ဆိုင်ခန်းများကို ဆောက်မည်ဆိုပါက
ဆောက်နေစဉ်ကာလအတွင်း ၎င်းတို့အနေဖြင့် ဈေးရောင်းရမည့်နေရာကို သိလိုကြောင်း မေးလာသောအခါ စည်ပင်ဗိုလ်မှူးကိုကိုမှ အဲ့ဒီအတွက် လတ်တလောတွင် သတ်မှတ်ထားခြင်း မရှိသေးကြောင်း
ဆောက်လုပ်ခါနီးတွင် ယခုကဲ့သို့ တွေ့ဆုံခြင်း အနေအဖြင့် ခေါ်ယူပြီး အားလုံးကို အသိပေးပြောဆိုမှာ
ဖြစ်ကြောင်း ထပ်မံဖြေကြားသည်။

၎င်းမှထပ်မံ၍ ပြောကြားရာတွင် ဈေးသူဈေးသားများအား ယခုလိုခေါ်ယူရခြင်းမှာ ဈေးတည်ဆောက်ရန်အတွက် အမှန်တကယ်လိုအပ်သလား မလိုအပ်လားဆိုတာကို ဆန္ဒကောက်ခံသည့် အနေဖြင့် ခေါ်ယူတွေ့ဆုံတာ
ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အများက သဘောတူညီတဲ့အတွက် ၎င်းအနေဖြင့် ကျေးဇူးတင်ကြောင်း ပြောသည်။

ဈေးသူ/သားများ အနေဖြင့်လည်း မြို့မဈေးကြီးကို ပြန်လည်တည်ဆောက်ရန် အမှန်တကယ်လိုအပ်ကြောင်း တစ်ယောက်တစ်ခွန်းပြောသံကိုလည်း ကြားရသည့်အပြင် ဈေးဆောက်ပြီးပါက ၎င်းတို့အနေဖြင့် နောက်ထပ်
ငွေမည်မျှ ကုန်မည်ကိုလည်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေတာကိုလည်း ကြားခဲ့ရသည်။

ယခုအကြိမ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးသူဈေးသားများနှင့် တွေ့ဆုံဆွေးနွေးသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ဇူလိုင်(၁)ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပျံကျ
ဈေးသည်များနှင့် တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး ၎င်းတို့၏ တည်နေရာအတွက်နှင့် ဈေးရောင်းရာတွင် စည်ကမ်းတကျရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ယခုအကြိမ်မှာတော့ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်
ဈေးတည်ဆောက်ရန် သဘောတူညီမှု ဆန္ဒကောက်ခံသည့် သဘောဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တွေ့ဆုံမှုမျိုးကို ဈေးကြီးတည်ဆောက်ခါနီးတွင် နောက်တစ်ကြိမ်ခေါ်ယူ တွေ့ဆုံမည်
ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net