ဝမ်းတွင်းမြို့နယ် ကျင်းရွာတွင် ဒလန်(၂)ဦး သတ်ခံရပြီးနောက်  စစ်တပ်က လာရောက် ပတ်ရမ်းကာ  မီးရှို့ဖျက်ဆီး

ဝမ်းတွင်းမြို့နယ် ကျင်းရွာတွင် ဒလန်(၂)ဦး သတ်ခံရပြီးနောက်  စစ်တပ်က လာရောက် ပတ်ရမ်းကာ  မီးရှို့ဖျက်ဆီး
နိုဝင်ဘာ 13, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်၏ ဒလန်ဟုဆိုသူ လင်မယား(၂)ဦး သတ်ခံရသည့်  ဝမ်းတွင်းမြို့နယ်၊ ကင်းကျေးရွာတွင် စစ်သားများက လာရောက်ပြီး ပတ်ရမ်းကာ မီးရှို့သွားမှု ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ အကူးပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်က  လူအင်အားအများအပြားဖြင့်  လာရောက်ပြီး နေအိမ်ကို ဖျက်ဆီး မီးရှို့ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင်  ကျေးရွာအဝင်တွင် ဆိတ်နှင့်ကြက်မွေးထားသည့် ခြံကိုလည်း မီးရှို့သွားကြောင်း နှင့် အဆိုပါ ခြံတွင် ဆိတ်အကောင်ရေ (၂၀၀)ဝန်းကျင်ရှိသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်တပ်မှ လာရောက် ရမ်းကားမီးရှို့သွားမှုကြောင့် ကျေးရွာနေပြည်သူများမှ တိမ်းရှောင်နေရပြီး ရွာတွင် ကျန်ရှိသူအနည်းငယ်ထဲက တစ်ဦးလည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ 

"လူအင်အား (၇၀)ကျော်လောက်နဲ့ ပတ်ရမ်းတာ။ လူတစ်ယောက် ညက ပါသွားတယ်။ ဝမ်းတွင်းမှာ နှစ်ရက်ထဲ ဒလန် (၄)ယောက် အသတ်ခံရတော့ ပိုဆိုးနေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယခုရက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟု ဆိုသူ စုစုပေါင်း (၄)ဦး သတ်ခံရပြီးနောက် ဝမ်းတွင်းမြို့နယ်အတွင်း သဲတော NLD ရုံးကို စစ်တပ်က လာရောက်ဖျက်ဆီးမှုများ ပြုလုပ်သလို ကျေးရွာတွင်လည်း လာရောက်မီးရှို့မှု ဖြစ်ပွားခဲ့သည်။