စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူငယ်များ လေ့ကျင့်သည့်နေရာကို အာဏာသိမ်းအဖွဲ့ ဝင်ရောက်ဖမ်းဆီး

 စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူငယ်များ လေ့ကျင့်သည့်နေရာကို အာဏာသိမ်းအဖွဲ့ ဝင်ရောက်ဖမ်းဆီး
မေ 13, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးအတွက် လူငယ်များ လေ့ကျင့်နေသည့်နေရာအား ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က ဝင်ရောက်ဖမ်းဆီးသည့်အတွက် လက်လုပ် တူမီးသေနတ်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

လတ်တလော ရရှိထားသည့်အတည်ပြုချက်အရ လူဖမ်းဆီးခံရခြင်း မရှိကြောင်း သိရသည်။



စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုအား လက်မခံသည့်ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကို အာဏာသိမ်းအဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ပြည်သူရာနှင့်ချီ၍ ကျဆုံးခဲ့ရပြီးနောက် မိမိကိုယ်ကို ကာကွယ်ရေးအတွက် လုပ်ဆောင်လာကြပြီး ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းလာကြသည်ကို တွေ့လာရခြင်းဖြစ်သည်။



အာဏာသိမ်းအဖွဲ့က ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ မေလ (၁၂) ရက်နေ့အထိ ရက်ပေါင်း (၁၀၀) ကျော်အတွင်း အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းမှုများကြောင့် ကျဆုံးရသည့် ပြည်သူအရေအတွက်မှာ (၇၈၅) ဦးရှိပြီဖြစ်ကြောင်း AAPP က ၎င်းတို့ကောက်ယူရရှိသည့်အချက်အလက်များကို အခြေခံ၍ ထုတ်ပြန်ထားသည်။



ယင်းအပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ မေလ (၁၂) ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၈၈၅) ဦးရှိပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၆၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။



အဆိုပါ အချက်အလက်များသည် AAPP အနေဖြင့် စာရင်းကောက်ယူရရှိသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်အခြေအနေတွင် အရေအတွက် ပိုများနိုင်သည်ဟု ခန့်မှန်းထားသည်။



Photo: CJ