ကျောက်မဲမြို့တွင် လူငယ်(၂)ဦးကို စစ်တပ်က ဖမ်းဆီး

ကျောက်မဲမြို့တွင် လူငယ်(၂)ဦးကို စစ်တပ်က ဖမ်းဆီး
မေ 6, 2021

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် လူငယ်အမျိုးသား (၂)  ဦးကို ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့ ညပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

အဲဒီကလေးတွေက အလုပ်လာလုပ်တဲ့ ကလေးတွေပါ။ ဆန္ဒပြတဲ့ထဲလည်း မပါပါဘူး။ အဲဒါကို ညကြီးမှလာဖမ်းသွားတယ်။ နိုင်ငံတော်ပုန်ကန်လို့ လာဖမ်းတာ လို့ပြောတယ်။ အခုထိ အဆက်သွယ်မရသေးဘူး၊။ ဘယ်ကို ခေါ်သွားတယ်ဆိုတာလဲ မသိရဘူး

ဟု ရပ်ကွက်တွင်းနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက် (၁၇) နှစ်အရွယ် ရဲမင်းပိုင်နှင့် အသက် (၂၇) နှစ်အရွယ် ကျော်ဇင်ဗိုလ်ဆိုသူတို့ဖြစ်ပြီး မေလ (၅)ရက်နေ့ ည (၁၀) နာရီခွဲဝန်းကျင်က  ပန်ပေါင်းရပ်ကွက်ရှိနေအိမ်၌ ဝင်ဖမ်း ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသွားစဥ်က လူငယ် (၂)ဦးကို မျက်လုံးများ၌ အဝတ်ဖြင့်စည်း၍ ခေါ်သွားကြသည်ကို ပတ်ဝန်းကျင်က မြင်တွေ့လိုက်ရသည်ဟု သိရသည်။

ကျောက်မဲမြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသည့် အချိန်အတွင်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ညစဉ်ညတိုင်း လူနေရပ်ကွက်များတွင် လိုက်လံရှာဖွေ ဖမ်းဆီးခြင်းများကို လုပ်နေကြခြင်းဖြစ်သည်။

ယနေ့ မေလ(၆)ရက်နေ့ ညပိုင်းတွင်လည်း လိုက်လံဖမ်းဆီးမှုများ ပြုလုပ်မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။