တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က သွယ်တန်းထားသည့် ဖိုင်ဘာအင်တာနက်လိုင်းကြိုးများကို ကတ်ကြေးဖြင့် ဖြတ်တောက်ကာ လိုင်းများပိတ်

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က သွယ်တန်းထားသည့် ဖိုင်ဘာအင်တာနက်လိုင်းကြိုးများကို ကတ်ကြေးဖြင့် ဖြတ်တောက်ကာ လိုင်းများပိတ်
မတ် 17, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်း အသုံးပြုနေသည့် ထိုင်းနိုင်ငံမှ ဖိုင်ဘာအင်တာနက်လိုင်း ကြိုးများကို ၂၀၂၁ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ ညနေပိုင်းတွင် ကတ်ကြေးဖြင့် လိုက်လံဖြတ်တောက်ခံရကြောင်း သိရသည်။

နယ်စပ်မြို့ တာချီလိတ်အတွက် ထိုင်းနိုင်ငံဘက်မှ အင်တာနက်လိုင်းကို ပြန်လည်ဖြန့်ဖြူးပေးနေသည့် ဖိုင်ဘာအင်တာနက်ကြိုးများကို  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အပေါ်နှင့် တံတားအောက်တို့မှ သွယ်တန်းထားခြင်းဖြစ်ပြီး မတ်လ (၁၇) ရက်နေ့ ညနေပိုင်းက ညွှန်ကြားချက်အရဟုဆိုကာ ကတ်ကြေးဖြင့် လိုက်လံ ဖြတ်တောက်နေသည်ကို တွေ့ရခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှိ အင်တာနက်ကုမ္ပဏီမှ တာဝန်ရှိသူများအား မတ်လ (၁၆) ရက်နေ့က တာချီလိတ်စစ်ဗျူဟာသို့ ခေါ်ယူတွေ့ဆုံပြီး အင်တာနက်လိုင်းများကို ပိတ်ထားရန် ညွှန်ကြားထားပြီး လိုက်လံစစ်ဆေးပြီးမှသာ စိစစ်ခွင့်ပြုပေးသွားမည်ဟု ပြောကြားထားခဲ့ပြီး မတ်လ (၁၇)ရက်နေ့တွင် ဖိုင်ဘာကြိုးများကို လိုက်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုလက်မခံသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖေါ်မှုများကို လက်နက်သုံးအကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူပေါင်းရာနှင့်ချီ၍ သေဆုံးရမှုများ ဖြစ်ပွားနေချိန်တွင် အာဏာသိမ်းအဖွဲ့က နိုင်ငံအတွင်း မိုဘိုင်းအင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်အပြင် အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်လာခြင်းဖြစ်သည်။

နယ်စပ်မြို့ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ အင်တာနက်လိုင်းအပြင် လျှပ်စစ်မီးကိုလည်း ရယူသုံးစွဲနေရသည်မြို့ဖြစ်သည်။