"ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ"ဒုရဲမှူးထွန်းထွန်းဝင်း

"ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ"ဒုရဲမှူးထွန်းထွန်းဝင်း
ဖေဖော်ဝါရီ 28, 2021 | နိုင်ငံရေး

မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းထွန်းဝင်းသည် စစ်အာဏာရှင်စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ပါဝင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

"အာဏာရှင်စနစ် မပြတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ မတရားရယူသွားသူတွေဟာ မတရားလုပ်ဆောင်နေခြင်းဟာ သဘာဝပါ။ ပြည်သူတွေအပေါ် မတရားလုပ်ဆောင်နေသည်ကို တွေ့နေမြင်နေ ကြားနေသည့်အပြင် ကိုယ်တိုင်လည်း ခံစားနေခဲ့ရသဖြင့် တရားမျှတမှုကို လိုလားသူ ကျွန်တော့်အဖို့ မတရားရယူထားသူ၏ အုပ်ချုပ်မှုအောက် လောင်းရိပ်အောက်တွင် အဘယ်သို့သော နှလုံးသားဖြင့် ဘယ်နည်းနှင့်မျှ ဆက်လက် ရှင်သန်နေထိုင်နိုင်မည့် အင်အားမရှိတော့ပါ၊ မိမိမြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကိုလည်း ချစ်မြဲ၊ ချစ်ဆဲပါ။ ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ"ဟု CDM ပြုလုပ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြသည့် စာတွင် ရေးသားထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM တွင် ပါဝင်လိုက်သည့် ဒုရဲမှူးထွန်းထွန်းဝင်းသည် လူသတ်မှု၊ လုယက်မှု နှင့် ဖောက်ထွင်းမှုများကို စွမ်းစွမ်းတမံဖောက်ထုတ်နိုင်ခဲ့သူဖြစ်ပြီး လက်အောက်ငယ်သားများနှင့် သဟဇာတ ဖြစ်သူ ဖြစ်ကြောင်း သိရသည်။



Tachileik News Agency