ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသရေးအတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၂)ဦး ထပ်မံစေလွှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသရေးအတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၂)ဦး ထပ်မံစေလွှတ်
နိုဝင်ဘာ 20, 2020
By Tachileik News Agency
ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသရေးအတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၂)ဦး ထပ်မံစေလွှတ်
 
ရန်ကုန်တိုင်းဒေသကြီးရှိ Covid-19 ရောဂါကုဌာနများတွင် အားဖြည့်တာဝန်ထမ်းဆောင်ရန် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၂) ဦးအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထပ်မံစေလွှတ်လိုက်ကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးတွင် Covid-19 ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် အခြားတိုင်းဒေသသကြီးနှင့် ပြည်နယ်များသို့ပါ ကူးစက်ပြန့်ပွားမှု ဖြစ်လာနိုင်သည့်အတွက်  ရောဂါထိန်းချုပ်ကုသနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ လိုအပ်လျှက်ရှိနေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခေါ်ယူနေခြင်းကြောင့် ထပ်မံစေလွှတ်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ထံမှ သိရသည်။
" ရန်ကုန်တိုင်းသည် အခုချိန်မှာ ကိုဗစ်-၁၉  ဖြစ်ပွားမှုက ဗဟိုချက်မလိုဖြစ်နေတယ်။ ဖြစ်နေတဲ့အခါမှာ ဟိုမှာရှိတဲ့လူနာတွေကို မနိုင်မနင်းနဲ့ကုပြီး‌တော့ လူနာတွေက စနစ်တကျ မကုနိုင်ရင် ရန်ကုန်တိုင်းမှာ ရောဂါတွေများပြားပြီးတော့ ပြန့်ပွားလာမယ်ဆိုရင် တစ်နိုင်ငံလုံးကို ပြန့်မှာဖြစ်တယ်။ ဒါကြောင့် ရန်ကုန်တိုင်းမှာ သွားထိန်းထားခြင်းအားဖြင့် သွားပြီးတော့ ကုသတဲ့နေရာမှာ ကူညီပံ့ပိုးခြင်းအားဖြင့် ရန်ကုန်တိုင်းမှာတင် ရောဂါတွေထိန်းထားနိုင်မယ်။ ပျောက်ကင်းအောင်ကုသနိုင်မယ်ဆိုရင် တခြားပြည်နယ်နဲ့တိုင်းတွေကို မပျံ့နှံ့မှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ရန်ကုန်တိုင်းကို သွားကူခြင်းကလည်း ကျန်တဲ့ပြည်နယ်၊ တိုင်းကို ရောဂါသည်တွေ မပျံ့နှံ့အောင် ကာကွယ်ခြင်းနဲ့ အတူတူပါပဲ။”ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
ကယားပြည်နယ်မှ သွားရောက်မည့် ကျန်းမာရေးစေတနာ့ဝန်ထမ်း (၂၂)ဦးမှာ ရန်ကုန်မြို့ Covid-19 ရောဂါကုဌာများဖြစ်သည့် ဒဂုံဆိပ်ကမ်းစင်တာတွင် (၂၀)ဦးနှင့် ကျောက်ကပ် သွေးသန့်စင်ခြင်း အထူးကုသရေးသင်တန်းတက်ထားသည့် သူနာပြု (၂)ဦးမှာတော့ ဧရာဝတီစင်တာတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ 
ကယားပြည်နယ်ရှိ မြို့နယ်တိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို အသုတ်ခွဲ၍ ရန်ကုန်တိုင်းဒေသကြီးသို့ အလှည့်ကျ စေလွှတ်နေရခြင်းကြောင့်  ကျန်းမာရေးဝန်ထမ်း (၇၀) ကျော်၏ လုပ်ငန်းများ လစ်ဟာမှုရှိသွားသော်လည်း လတ်တလော ဆေးရုံများတွင် ကျန်းမာရေးလုပ်ငန်းများအား နိုင်နင်းစွာ လုပ်ဆောင်နေနိုင်သေးကြောင်း ဒေါက်တာဌေးလွင်ကပြောသည်။ 
" အဲဒီလိုလွှတ်ထားရတော့ ကျွန်တော်တို့ ကယားပြည်နယ်မှာရှိတဲ့ လုပ်ငန်းခွင်မှာတော့ လူ (၇၀)လောက်က  လတ်တလော လစ်ဟာနေတာပေါ့။ သို့သော် ကျွန်တော်တို့ပြည်နယ်သည် ကိုဗစ်- ၁၉ ဖြစ်တာကလည်း  နောက်အကျဆုံးဖြစ်တယ်။ လက်ရှိတွေ့နေတဲ့လူနာတွေကလည်း  အရေးပေါ်ကုသစရာမလိုဘူး။ ရောဂါလက္ခဏာမရှိဘူးဆိုတော့ လတ်တလော အနေအထားနဲ့ကတော့   ဆေးရုံတွေမှာ နိုင်နိုင်နင်းနင်းရှိနေပါသေးတယ်။ ဒီက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အခက်ခဲမရှိသေးပါဘူး။ သို့သော် ရောဂါတွေပြန့်ပွားပြီး များပြားလာမယ်ဆို ကျွန်တော်တို့မှာလည်း အခက်အခဲတွေ ဖြစ်လာမှာဖြစ်ပါတယ်။"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။  
ကယားပြည်နယ်မှ ရန်ကုန်သို့ ကျန်းမာရေးဝန်ထမ်း (၅)ကြိမ်မြောက် စေလွှတ်ခဲ့ပြီဖြစ်ပြီး  စေလွှတ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများထဲမှ ပထမနှင့် ဒုတိယ အသုတ်မှာ   ပြန်လည်ရောက်ရှိလာပြီဖြစ်၍ ကျန်းမာရေးဆေးမှုများ ခံယူပြီးဖြစ်ကာ တတိအသုတ်ကို နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်သို့  ပြန်လည် ခေါ်ဆောင်၍ Quarantine ထားရှိကာ ကျန်းမာရေးစစ်ဆေးသွားမည်ဟု သိရသည်။ 
ကယားပြည်နယ်တွင် နိုဝင်ဘာလ (၂၀) ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၁၆) ဦးတွေ့ရှိပြီး ဆေးရုံတွင်ကုသမှုခံယူနေသူ (၇) ဦးရှိကာ ပိုးတွေ့ရှိသူအများစုမှာ ရန်ကုန်မှ ဝင်ရောက်လာသူများဖြစ်သည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
Photo- ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~