ကျောက်မဲမြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက် အတိအကျလိုက်နာသည့်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးရန် လိုက်လံစစ်ဆေးနေ

ကျောက်မဲမြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက် အတိအကျလိုက်နာသည့်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးရန် လိုက်လံစစ်ဆေးနေ
နိုဝင်ဘာ 21, 2020
By 🌸
ကျောက်မဲမြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက် အတိအကျလိုက်နာသည့်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးရန် လိုက်လံစစ်ဆေးနေ
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်ခွင့်ပေးနိုင်ရေးအတွက် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၌ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှု ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားမှုအနေအထားကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှစ၍ လိုက်လံစစ်ဆေးနေပြီး ပြင်ဆင်ထားမှု A အဆင့်ရှိမှ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ပါဆယ်စနစ်ကနေပြီးတော့ ဆိုင်ထိုင်စားစနစ်နဲ့ ရောင်းချလို့ရအောင် ဆိုင်တွေက ဘယ်လို အခင်းအကျင်းနဲ့ စီစဉ် ဆောင်ရွက်ထားတယ်ဆိုတာကို လိုက်လံစစ်ဆေးတာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကိုဗစ်ကာကွယ်ရေးအတွက် လုပ်ဆောင်ထားတာရှိမရှိ ဆိုတာကို စစ်ဆေးပါတယ်။ အဲဒီမှာ လုပ်ဆောင်ထားတာ အဆင်ပြေတယ် အဆင့်မီတယ်ဆိုရင် ဆိုင်ထိုင်စားစနစ်နဲ့ရောင်းချလို့ရအောင် အထက်ဌာနအဆင့်ဆင့်ကို ပြန်လည် တင်ပြပေးသွားမှာပါ” ဟု ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က အဝေးပြေးခရီးသည်တင်ယာဉ်များ ရပ်နားတတ်သော ပန်ပေါင်း ထမင်းဆိုင်တန်းမှ စားသောက်ဆိုင်များ၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကုန်တင်ယာဉ်များ ရပ်နားတတ်သည့် စားသောက်ဆိုင်များ အပါအဝင် မြို့တွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို လိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
COVID 19 ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုင်ပိုင်ရှင်များလိုက်နာရမည့်အချက်များ၊ ဆိုင်ဝန်ထမ်းများလိုက်နာရမည့်အချက်များကို ညွှန်ကြားထားပြီး ယင်းညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာနိုင်သည့်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုမည်ဖြစ်သည်။
ကျောက်မဲမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ခေါက်ဆွဲဆိုင်များအပါအဝင် စုစုပေါင်း စားသောက်ဆိုင်ပေါင်း (၁၀၀) ကျော်ရှိပြီး နိုဝင်ဘာလ (၂၁) ရက်နေ့က လိုက်လံစစ်ဆေးမှုအတွင်း ညွှန်ကြားချက်အတိုင်း အတိအကျပြင်ဆင်ထားသည့်ဆိုင် (၂၂)ဆိုင်ကို စစ်ဆေးတွေ့ရကြောင်း သိရသည်။
ဆက်လက်ပြီး ကျန်ရှိဆိုင်များကို လိုက်လံစစ်ဆေးပြီးနောက် ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်မည့်ဆိုင်များကို စည်ပင်သာယာရေးဌာနက ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~