တာချီလိတ်တွင် အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ကားပေါ်တင်ခေါ်သွားသည့် အဖွဲ့ကို ဖမ်းဆီးရမိ

တာချီလိတ်တွင် အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ကားပေါ်တင်ခေါ်သွားသည့် အဖွဲ့ကို ဖမ်းဆီးရမိ
နိုဝင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်တွင် အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ကားပေါ်တင်ခေါ်သွားသည့် အဖွဲ့ကို ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဝမ်မိုင်ရွာမှ အိမ်ခန်းငှား အဆောက်အဦတစ်ခုတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၃)နာရီခွဲကျော်ဝန်းကျင်က အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုး၍ ဖမ်းခေါ်သွားသည့်အဖွဲ့ကို နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကနဦးသိရသည်။
နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၃)နာရီခွဲကျော်ဝန်းကျင်က အမျိုးသားတစ်ဦးအား အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁)ဦးပါဝင်သည့်အဖွဲ့က နေအိမ်အခန်းငှားအဆောက်အဦဝန်းတစ်ခု၌ ဓားဖြင့်ထိုး၍ ကားပေါ်တင်ခေါ်သွားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးဦးဆောင်သည့် ရဲတပ်ဖွဲ့က အဆိုပါနေ့ကတည်းက ရှာဖွေဖမ်းဆီးနေရာ နိုဝင်ဘာလ (၁၄) ရက်နေ့ညနေပိုင်း၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ထိုးပြီး ဖမ်းဆီးခံထားရသည့် အမျိုးသားအား တိုက်ခန်းတစ်ခုအတွင်းပိတ်လှောင်ထားသည်ကို ရှာဖွေတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ထိုးခံရသူများနှင့် ဓားဖြင့်ထိုး၍ဖမ်းဆီးသွားသူများမှာ အခင်းဖြစ်ပွားရာ နေအိမ်ခန်းငှားအဆောင်တွင် နေထိုင်သူများ မဟုတ်ကြဘဲ အဆိုပါ နေအိမ်ခန်းငှားသည့်နေရာတွင် နေထိုင်သူများကလည်း သိရှိသူမရှိကြောင်း သိရသည်။
“သူတို့က ဒီအိမ်ခန်းငှားဘက်ကို အရင်က သိထားပုံမရဘူး။ သူတို့အချင်းချင်း အခန်းငှားလိုက်ပြမယ်ဆိုပြီး ခေါ်လာပြီး ဒီမှာ စာရင်းလာရှင်းကြပုံရတယ်။ ဒီမှာ CCTV ရှိမှန်းမသိလို့ ဒီနားမှာ လာဖြစ်တာလားမသိဘူး။”ဟု အဆိုပါနေရာအနီး၌ နေထိုင်သူတစ်ဦးက သုံးသပ်သည်။
လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့် CCTV မှတ်တမ်းအရ အခင်းဖြစ်သည့်နေ့က ဝမ်မိုင်ရပ်ကွက်ရှိ နေအိမ်ခန်းငှားရှိသည့် ခြံဝန်းသို့ အမျိုးသား (၂) ဦးနှင့် အမျိုးသမီးပါသည့် မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ယောက် ရောက်လာပြီးနောက် ဆိုင်ကယ်ဖြင့်ရောက်လာသည့် အမျိုးသားအား ကားဖြင့်လာသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဝိုင်းဝန်းဖမ်းဆီးပေးနေသည်ကို တွေ့ရခြင်းဖြစ်သည်။
ယင်းနောက် ဓားဖြင့်ထိုးခံရသည့်အမျိုးသားကို ကားပေါ်မတင်သွားပြီး ပြန်လည်ထွက်ခွာသွားကြသည်ကို တွေ့ရခြင်းဖြစ်သည်။
အခင်းဖြစ်ပွားစဉ်က နေအိမ်လိုင်းခန်းတွင် လူအချို့ရှိနေသော်လည်း အော်ဟစ်သံများမကြားရဘဲ သွေးကွက်ကျန်နေသည်ကို မြင်မှသတိထားမိသဖြင့် ရပ်ကွက်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
( သတင်းအပြည့်အစုံ ဆက်လက်ဖော်ပြပါမည် )
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~