တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးတွေ့ရှိ

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးတွေ့ရှိ
နိုဝင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးတွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့တွင် Quarantine ထားသည့် အမျိုးသား(၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၌ စစ်ဆေးတွေ့ရသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးမည့် အတည်ပြုလူနာ (၂)ဦးရှိလာပြီဖြစ်သည်။
"သူတို့ ပဆင (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)ကနေ လမ်းလုပ်မယ့် လုပ်သားအဖွဲ့တွေကို ပဲခူးကနေ ခေါ်လာတာ။ ပဲခူးကနေခေါ်လာတော့ ကျွန်တော်တို့ quarantine ထားထားတာကနေ ဒီနေ့က (၃)ရက်မြောက်နေ့ဆိုတော့ guideline အတိုင်းပဲ ကျွန်တော်တို့ RDT နဲ့ စစ်တာမှာ positive တစ်ယောက်တွေ့တယ်။ သူက ဘုရားကြီးနားက ရွာလို့ပြောတယ်။ ကျွန်တော်တို့ ဆက်ကြည့်တော့ ဘုရားကြီးမှာကို positive က (၄)ယောက်လောက်ရှိနေတယ်ပြောတယ်။ သူကတော့ သူ့ကိုယ်သူ အံ့သြနေတယ်။ လယ်တောကနေ ဘယ်မှ မသွားဘူးတဲ့။ သူမသွားပေမဲ့ သူ့ဆီလာတဲ့သူတစ်ယောက်ယောက်ဆီကနေ ကူးတာဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ အတတ်နိုင်ဆုံးတော့ contact တွေဖေါ်ထုတ်ရမှာပေါ့။ အခုတော့ ဆေးရုံကိုခေါ်ဖို့ လုပ်နေပါပြီ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 တွေ့ရသည့် လမ်းလုပ်သားအမျိုးသားမှာ အသက် (၄၀) ဝန်းကျင်အရွယ်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ရန်ကုန်မှ COVID 19 ကုသမှုခံယူပြီး ပြန်လာသည့် ရဲဝန်ထမ်းတစ်ဦးအား နိုဝင်ဘာလ (၁၇)ရက်နေ့က ပြန်လည်ဓာတ်ခွဲစစ်ဆေးမှုတွင် positive တွေ့သဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌  ကုသပေးနေခြင်းဖြစ်ရာ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ကုသပေးရမည့် အတည်ပြုလူနာ (၂)ဦးအထိ တိုးလာခြင်းဖြစ်သည်။
အဆိုပါ လမ်းလုပ်သားအဖွဲ့မှာ လူဦးရေ (၄၀) ဝန်းကျော်ပါဝင်ပြီး လမ်းလုပ်ငန်းဆောင်ရွက်မည့် လမ်းဘေး၌ အသွားအလာကန့်သတ်ထားခြင်းဖြစ်ပြီး ကျန် (၃၉) ဦးမှာ ပထမအကြိမ် စစ်ဆေးမှုအတွင်း COVID 19 မတွေ့ရသော်လည်း ဒုတိယအကြိမ် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက် 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~