တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား တစ်ဦးကို ငွေကြေးကိစ္စဖြင့် ဓားဖြင့်ထိုးကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် တရုတ်နိုင်ငံသား (၃)ဦးနှင့် ပါဝင်ကူညီသည့် မြန်မာ (၃)ဦးတို့ကို (၃)ရက်အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းမိ

တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား တစ်ဦးကို ငွေကြေးကိစ္စဖြင့် ဓားဖြင့်ထိုးကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် တရုတ်နိုင်ငံသား (၃)ဦးနှင့် ပါဝင်ကူညီသည့် မြန်မာ (၃)ဦးတို့ကို (၃)ရက်အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းမိ
နိုဝင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား တစ်ဦးကို ငွေကြေးကိစ္စဖြင့် ဓားဖြင့်ထိုးကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် တရုတ်နိုင်ငံသား (၃)ဦးနှင့် ပါဝင်ကူညီသည့် မြန်မာ (၃)ဦးတို့ကို (၃)ရက်အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား အမျိုးသား(၁)ဦးကို ဓားဖြင့်ထိုး၍ ဖမ်းဆီးခေါ်ဆောင်သွားမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား (၃) ဦးနှင့် မြန်မာနိုင်ငံသား (၃)ဦးတို့ကို ဖမ်းဆီးခံထားရသူနှင့်အတူ  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းဖမ်းဆီးထားပြီး စစ်ဆေးနေပြီဖြစ်သည်။
“ဒါနဲ့ပတ်သက်လို့ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပါမယ်။ လောလောဆယ်တော့ ပြစ်မှုကျူးလွန်တဲ့အနေအထားကို ကြည့်ပြီးတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၈၆/၁၁၄၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)၊ ပို့သွင်း(၈)တို့နဲ့ အမှုဖွင့်ထားတဲ့အပြင် တရားခံတွေကို ပြစ်ဒဏ်ရရှိအောင်လည်း ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ပြည်သူလူထုကို ကျွန်တော် တင်ပြချင်ပါတယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၁၄)ရက်နေ့ ညပိုင်းတွင် ပြောသည်။
နိုဝင်ဘာလ (၁၁)ရက်နေ့က အမျိုးသား (၁)ဦးအား ဓားဖြင့်ထိုး၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို CCTV မှတ်တမ်းတွင် တွေ့ရသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး၊ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်တို့ ဦးစီးသည့်အဖွဲ့က စုံစမ်းဖမ်းဆီးရာ နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်း၌ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်လမ်းဘေးရှိ စိုင်းဝန်းကျောက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသားများဖြစ်သည့် Li Jin Hui နှင့် ဝမ်မီဟွာတို့၊ စကားပြန် စိုင်းဝန်းကျောက်တို့အပြင် နေအိမ်ပြင်ဆင်နေသည့် အလုပ်သမား (၁၀)ဦးခန့်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသား (၂)ယောက်အား စစ်ဆေးဖေါ်ထုတ်ချက်အရ ဓားဖြင့်ထိုး၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် တရုတ်နိုင်ငံသား LIU XINGAN သည် အကြွေးမပေးဘဲ တိမ်းရှောင်သွားသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ် ဓားဖြင့် (၉)ချက်ထိုးခဲ့သည်ဟု သိရသည်။
ယင်းနောက် LIU XINGAN အား စိုင်းဝန်းကျောက်၊ Yu SHIPING ၊ စိုင်းလောင်နှင့် ဝမ်မီဟွာတို့က အသင့်ကြိုတင်ငှားရမ်းထားသည့် ဝိန်းကျောက်ရပ်ကွက်မှနေအိမ်၌ ဖမ်းဆီးထားကြောင်း သိရသဖြင့် အဆိုပါ နေအိမ်အား ရဲတပ်ဖွဲ့ဝင်အင်အား (၂၀)ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်ကို အပြင်မှ သော့ခတ်ထားသဖြင့် သော့ချိုးဖျက်ဝင်ရောက်ဖမ်းဆီးရာ ဓားဖြင့်ထိုးသူ Yu Shiping နှင့် ဆေးကုပေးနေသည့် စိုင်းလောင်၊ ဒဏ်ရာရထားသည့် Lui Xingan တို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရထားသည့် တရုတ်နိုင်ငံသားအား ပြည်သူ့ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ပေးကာ ပြစ်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား (၃)ဦးနှင့် မြန်မာနိုင်ငံသား (၃)ဦးကို ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသူများအား တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၄၈/၁၁၄၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)၊ ပို့သွင်း(၈)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေပြီဖြစ်ပြီး CCTV တွင်တွေ့ရသည့် အမျိုးသမီးအပါအဝင် အမှုတွင် အခြားပါဝင်ပတ်သက်သူများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~