မူဆယ်မြို့နယ်အတွင်း SNLD အောင်နိုင်ရေးယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရွှေလီမြစ်တွင်းထိုးကျ၍ အမျိုးသမီး (၃)ဦးသေဆုံးပြီး ကလေး (၁)ဦး ပျောက်ဆုံးနေ

မူဆယ်မြို့နယ်အတွင်း SNLD အောင်နိုင်ရေးယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရွှေလီမြစ်တွင်းထိုးကျ၍ အမျိုးသမီး (၃)ဦးသေဆုံးပြီး ကလေး (၁)ဦး ပျောက်ဆုံးနေ
အောက်တိုဘာ 18, 2020
By Tachileik News Agency


မူဆယ်မြို့နယ်အတွင်း SNLD အောင်နိုင်ရေးယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရွှေလီမြစ်တွင်းထိုးကျ၍ အမျိုးသမီး (၃)ဦးသေဆုံးပြီး ကလေး (၁)ဦး ပျောက်ဆုံးနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင်နယ်အတွင်း မန်ဟီးရိုးမြို့သို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့က လာရောက်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အောင်နိုင်ရေး ယာဉ်တန်းမှ မော်တော်ယာဉ် (၁)စီးသည် နံနက် (၉)နာရီခွဲဝန်းကျင်တွင် ရွှေလီမြစ်တွင်းထိုးကျသွား၍ အမျိုးသမီး (၃)ဦးသေဆုံးကာ ကလေး (၁) ဦးကို ညနေ (၃)နာရီခွဲကျော်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

“ကားပေါ်မှာက ကားသမားအပါအဝင် (၆)ယောက်ပါတယ်လို့ သိရတယ်။ ပြောတာကြားတာကတော့ ကားသမားနဲ့ အမျိုးသမီးတစ်ယောက်က ရေကူးပြီး ကမ်းပေါ်တက်လာနိုင်တယ်တဲ့။ ပြန်ပြီးထွက်လာနိုင်တဲ့အမျိုးသမီးကိုတော့ မူဆယ်ဆေးရုံကို သဒ္ဒါဖြူစင်လူမှုကူညီရေးအသင်းကားနဲ့ပို့လိုက်ပြီ။ ကားသမားကတော့ ရေကူးပြီးထွက်ပြေးပြီလား ဘာလားမသိဘူး။ မူဆယ်စခန်းကတော့ ဆက်လုပ်နေတယ်။ မြစ်ထဲပါသွားတာက အမျိုးသမီး (၃)ယောက်နဲ့ ကလေး (၁)ယောက်။ ကျွန်တော်တို့ကတော့ သတင်းကြားတာနဲ့ စက်လှေနဲ့ ဒီဘက်ကမ်းမန့်ဟီးရိုးကနေ ဟိုဘက်ကမ်းကူးပြီး ကယ်ဆယ်ရေးလုပ်ပေးရတာ။ ဖြစ်တဲ့အချိန်နဲ့ ကျွန်တော်ရောက်တဲ့အချိန်က (၁၅)မိနစ်လောက် ဟသွားပြီ။ ကားရေထဲကျတယ်ကြားတော့ ကျွန်တော်တို့ ဒီဘက် မန့်ဟီးရိုးလူငယ်အဖွဲ့တွေစု၊ ရေငုပ်ကျွမ်းကျင်တဲ့ကလေးတွေခေါ်၊ ဆယ်လန့်ဘက်က အုပ်ချုပ်ရေးမှူးလှမ်းပြောပြီး ရေကူးကျွမ်းကျင်တဲ့ ဆယ်လန့်ဘက်က ကလေးတွေခေါ်ပြီး သွားကြတာ။ ဟိုမှာ သံချိတ်တွေချပြီးတော့ ပဲ့ထောင်နဲ့လိုက်တိုက်ဆွဲ၊ ချိတ်မိတော့မှ ကလေးတွေက ရေငုပ်ပြီး ကားဟုတ်၊ မဟုတ် အတည်ပြုရတယ်။ ကားဟုတ်တယ်ဆိုမှ သံချိတ်တွေနဲ့ ရေငုပ်ပြီး ကားကိုချိတ်ပြီး ဆွဲတင်ရတာ။ ကားပေါ်မှာကျန်ခဲ့တဲ့ အမျိုးသမီး (၃)ယောက်နဲ့ ကလေး(၁)ယောက်မှာ ကားနဲ့အတူ အမျိုးသမီး (၃)ယောက် ပါလာတယ်။ ကလေး (၁)ယောက်တော့ ကားပေါ်မှာ မတွေ့ဘူး။ ခုချိန်ထိတော့ ရှာမတွေ့သေးဘူး။ ရှာနေကြတုန်းပဲ။ ကလေးကတော့ မူကြိုတက်နေတာလို့ သိရတယ်။ “

ဟု မန့်ဟီးရိုးနယ်မြေစခန်းမှူး ရဲအုပ် တင်အောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နောင်ဟင် - ဖိုင်းကျောင်းကူးတို့ဆိပ်မှ မန့်ဟီးရိုးမြို့ဘက်သို့ သွားရောက်မည့် SNLD ပါတီအောင်နိုင်ရေးခရီးစဉ်ယာဉ်တန်းမှ ဟွန်ဒါဖစ်အနက်ရောင် မော်တော်ယာဉ်သည် ဖိုင်းကျောင်းဖက်ကမ်း၌ စက်လှေစောင့်နေစဉ် မြစ်အတွင်း ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါက ကျွန်တော့်အပိုင်တော့မဟုတ်ဘူး။ မူဆယ်မြို့မရဲစခန်းအပိုင်ပေါ့နော်။ ကျွန်တော်တို့က သတင်းကြားတော့ ဝိုင်းကူညီဖို့ရောက်သွားတာပေါ့။ အဲဒီမှာ မျက်မြင်တွေ့တဲ့သူတွေအပြောကတော့ သူက အရှေ့မှာရှိတဲ့ ကား (၃)စီးကို ကျော်တက်လိုက်တာမှာ ရွှေလီမြစ်ထဲကို ထိုးကျသွားတာလို့ ပြောကြတယ်။ သူ့ရှေ့က ကား (၃)စီးမှာ ရှေ့ဆုံး (၁) စီးက ရွှေလီမြစ်ကမ်းနဖူးမှာ မေးတင်ထားပြီးပြီ။ သူ့နောက်မှာ ကား (၂)စီးရှိတယ်။ အဲဒီ ကား (၂)စီးနောက်မှာမှ အခုမြစ်ထဲထိုးကျတဲ့ကားရှိတာ။ ဘာအတွက် ကျော်တက်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိသလို ကားသမားလည်း မတွေ့လိုက်တော့ မမေးလိုက်နိုင်ဘူး။”

 

ဟု မန့်ဟီးရိုးနယ်မြေစခန်းမှူး ရဲအုပ် တင်အောင်စိုးက ပြောသည်။

မြစ်ထဲကျသွားသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဦးစိုင်းဖြတ်နှင့် ယာဉ်ပေါ်လိုက်ပါသွားသူ ဒေါ်နန်းမြဆောင်တို့ ပြန်ထွက်လာနိုင်သော်လည်း ယာဉ်နောက်ခန်းမှ လိုက်လာသည့် ဒေါ်နန်းခမ်းစံ၊ ဒေါ်ပီမှုံ၊ ဒေါ်နန်းလှခင်နှင့် အသက် (၆)နှစ်အရွယ် မောင်စိုင်းကွမ်းခေးတို့မှာ ထွက်လာနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မော်တော်ယာဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများ၊  မူဆယ်မှ ပရဟိတအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မန့်ဟီးရိုးလူငယ်အဖွဲ့နှင့် ဆယ်လန့်မှ ရေငုပ်ကျွမ်းကျင်သည့်လူငယ်များဖြင့် ရှာဖွေရာ နေ့လယ် (၂)နာရီဝန်းကျင်တွင် ရှာဖွေတွေ့ခဲ့ရပြီးကားထဲမှ အမျိုးသမီး (၃)ဦးအလောင်းကို တွေ့ရသော်လည်း ကလေးငယ်များ ပျောက်ဆုံးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~