တာချီလိတ်သို့ တင်သွင်းနေသည့် အခြေခံစားကုန်များအပေါ် မယ်ဆိုင်ဘက်က အခွန်ကောက်ခံမှုလျှော့ချ

တာချီလိတ်သို့ တင်သွင်းနေသည့် အခြေခံစားကုန်များအပေါ် မယ်ဆိုင်ဘက်က အခွန်ကောက်ခံမှုလျှော့ချ
အောက်တိုဘာ 25, 2020
By 🌸
တာချီလိတ်သို့ တင်သွင်းနေသည့် အခြေခံစားကုန်များအပေါ် မယ်ဆိုင်ဘက်က အခွန်ကောက်ခံမှုလျှော့ချ
တာချီလိတ်ဘက်သို့ နေ့စဉ် တစ်ပိုင်တစ်နိုင်တင်သွင်းနေသည့် အခြေခံစားသောက်ကုန်များအပေါ် မယ်ဆိုင်ဘက်က အခွန်ကောက်ခံနေခြင်းအား နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပြီးသည့်နောက်ပိုင်းမှစ၍ လျှော့ချပေးလိုက်ပြီဖြစ်၍ တာချီလိတ်မြို့တွင်း အခြေခံစားကုန်များ ဈေးပြန်လည်လျှော့ချကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံလိုက်သည်။

“တံတား(၁) ပိတ်ပြီးတော့ တံတား(၂)ကနေ စားသောက်ကုန်တွေ တင်သွင်းတဲ့အချိန်မှာ ထိုင်းနိုင်ငံဘက်က အခွန်အကောက်တွေများတဲ့အတွက် ကျွန်တော်တို့တာချီလိတ်မှာ ကုန်ဈေးနှုန်းတွေတက်ရပါတယ်ဆိုပြီး အရင်က ဖြစ်ခဲ့တယ်။ အခုထိုင်းနိုင်ငံဘက်နဲ့ ညှိနှိုင်းပြီးတဲ့အချိန်မှာ အခွန်အကောက်နှုန်းထားတွေ အများကြီး လျော့ကျသွားပြီ။ ကျွန်တော်တို့ဒေသမှာ ရောင်းနေတဲ့ အခြေခံစားသောက်ကုန်တွေပေါ်မှာ ဈေးလျှော့ပြီး ရောင်းဖို့ ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်”

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်က မယ်ဆိုင်ဘက်မှ ဟင်းသီးဟင်းရွက်သယ်သည့် မှန်လုံယာဉ်ငယ်တစ်စီးလျှင် ဘတ် (၅,၅၀၀)၊ ငါးတင်ဆောင်သည့် မှန်လုံယာဉ်ငယ်တစ်စီးလျှင် ဘတ် (၈,၀၀၀)၊ ကြက်သား၊ဝက်သားတင်သည့် မှန်လုံယာဉ်ငယ်တစ်စီးလျှင် ဘတ် (၁၁,၀၀၀)ကျော်အထိ ကောက်ခံခဲ့ခြင်းဖြစ်သော်လည်း စက်တင်ဘာလကုန်တွင် တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပြီးနောက် ကောက်ခံသည့်နှုန်းထားများကို များစွာလျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဟင်းသီးဟင်းရွက်တင် မှန်လုံယာဉ်တစ်စီးလျှင် ထိုင်းအကောက်ခွန်ဌာနမှ ဘတ် (၂၇၀)၊ အေးဂျင့်မှ ဘတ် (၅၀၀) စုစုပေါင်း ဘတ် (၇၇၀)၊ ငါးတင်ဆောင်သည့် မှန်လုံယာဉ်တစ်စီးလျှင် ဘတ် (၁,၀၀၀)၊ ကြက်သား၊ ဝက်သားတင်ဆောင်သည့် မှန်လုံယာဉ်တစ်စီးလျှင် ဘတ် (၂,၀၀၀) ဝန်းကျင်သာ ကောက်ခံတော့ကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ အခြေခံစားကုန်များကို ယခင်က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှ တစ်ပိုင်တစ်နိုင်တင်သွင်းရာတွင် ထိုင်းနိုင်ငံဘက်က အခွန်ကောက်ခံခြင်း မရှိသော်လည်း COVID 19 ကာလအတွင်း ကုန်သွယ်ရေးတံတားဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှ ယာယီခွင့်ပြုရာ၌ ထိုင်းနိုင်ငံဘက်က အခွန်ကောက်ခံလာခြင်းဖြစ်သည်။
တာချီလိတ် - မယ်ဆိုင်နှစ်နိုင်ငံကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် နေ့စဉ်ဖြတ်သန်းခွင့်ပြုမည့် ယာဉ်စီးရေသတ်မှတ်ခြင်းကို မြန်မာဘက်သို့ ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ ထိုင်းနိုင်ငံက စက်တင်ဘာလ (၁၅)ရက်နေ့၌ ထုတ်ပြန်လိုက်ခြင်းအပေါ် စက်တင်ဘာလ (၁၆)ရက်နေ့၌ မြန်မာဘက်က အလားတူ ပြန်လည်တုန့်ပြန်ကန့်သတ်မှုများကြောင့် နှစ်နိုင်ငံဆွေးနွေးမှု လုပ်ဆောင်ရာတွင် မြန်မာဘက်သို့ တစ်ပိုင်တစ်နိုင် တင်သွင်းနေသည့် အခြေခံစားကုန်များအပေါ် အခွန်နှုန်းထားများစွာ ကောက်ခံနေခြင်းကို လျှော့ချရန်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
❂ #TachileikNewsAgency #TNA #TachileikOnlineNews  #Tachileik #Myanmar #MyanmarNews #MyanmaronlineNews❂

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~