မဲရုံပစ္စည်းများ နှင့် မဲရုံဝန်ထမ်းများ ပို့ပြီးပြန်လာသည့် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့ မိုင်းပန်မြို့အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ

မဲရုံပစ္စည်းများ နှင့် မဲရုံဝန်ထမ်းများ ပို့ပြီးပြန်လာသည့် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့ မိုင်းပန်မြို့အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ
အောက်တိုဘာ 27, 2020
By Tachileik News Agency
မဲရုံပစ္စည်းများ နှင့် မဲရုံဝန်ထမ်းများ ပို့ပြီးပြန်လာသည့် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့ မိုင်းပန်မြို့အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်သို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် မဲရုံဝန်ထမ်းနှင့် မဲရုံပစ္စည်းများသွားပို့ရာမှ ပြန်လာသည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ ယာဉ်ကို သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရသွားသည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်  ဌာနခွဲစာရေးတို့အား တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားပြီး ပစ်ခတ်သည့်အဖွဲ့ကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရသည်။
"ကျွန်တော်တို့ သိရသလောက်တော့ သူတို့မှာ လုံခြုံရေး မပါဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး မော်တော်ယာဉ် (၂)စီးလို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ ကနဦး သတင်းထွက်လာတဲ့အခြေအနေပါပဲ။ သူတို့ မဲရုံသုံး ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေသွားပို့ပြီး အပြန်မှာ မိုင်းပန်နားရောက်ခါနီး (၁၀)မိုင်လောက်အကွာမှာ အပစ်ခံရတယ်လို့ သိရတယ်။ ကြားရသလောက်တော့ သူတို့ကို တားတယ်လို့ ပြောတယ်။ ရှေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကားက သတိမထားမိဘူးလားမသိ ဆက်သွားတယ်ပေါ့။ သူတို့အနောက်ကကားက အိပ်ဇောသံထွက်နေတယ်ပြောတယ်။ မကြားမိတာလည်း ပါတယ်ပြောတယ်။ အဲဒါအနောက်က ကားကို လှမ်းပစ်တယ်တဲ့။ သူတို့ ကျန်းမာရေးအခြေအနေတော့ တည်ငြိမ်တယ်ပြောတယ်။ စဝ်စံထွန်းဆေးရုံအထိ သယ်လာနေပါပြီ။ လမ်းမှာပဲရှိပါသေးတယ်"ဟု ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးဦးနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူးလိုက်ပါလာသည့်မော်တော်ယာဉ်တို့ ရှေ့ဆင့်နောက်ဆင့်မောင်းနှင်လာစဉ် မိုင်းပန်မြို့နှင့် (၁၀)မိုင်ခန့်အကွာ၌ နောက်မှမောင်းနှင်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး၏ယာဉ်ကို သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဒေသတွင် ပစ်ခတ်မှုများဖြစ်လေ့ မရှိသဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ "လောလောဆယ်တော့ လုံခြုံရေးကိစ္စအခြေအနေကတော့ တိတိကျကျတော့ မပြောနိုင်သေးဘူးပေါ့နော်။ ဒါက လုံခြုံရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့တို့၊ တပ်မတော်တို့ရဲ့ သုံးသပ်ချက်တွေက ဘယ်လိုထွက်လာမယ်တော့ မသိသေးဘူးပေါ့။ တစ်ခြားအချိန်တွေမှာတော့ ဘာမှ မဖြစ်ဘူး။ ဖြစ်နိုင်ဖွယ်ရာတွေကတော့ အများကြီးရှိတာပေါ့။ ကျွန်တော့်အမြင်ကတော့ တစ်ခုခုကတော့ မှားတယ်ပေါ့နော်။ မှားတယ်ဆိုတာကလည်း နည်းမျိုးစုံနဲ့ မှားနိုင်တာပေါ့။ ကျွန်တော်တို့က အတိအကျဖြစ်စဉ်တော့ မသိသေးဘူးပေါ့။ ဝေဖန်သုံးသပ်ဖို့လည်း ခက်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီဖြစ်စဉ်မျိုးနောက်မဖြစ်ရအောင်ပဲ သတိဝိရိယလေးထားကြဖို့ မြို့နယ်တွေကို မှာပါတယ်။ နဂိုကတည်းကလည်း ရွေးကောက်ပွဲနီးလာရင်တော့ နည်းနည်းလေး ဂရုစိုက်ကြဖို့ သတိထားကြဖို့ မှာထားပါတယ်"ဟု ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးဦးနေလင်းက  ပြောသည်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့်အဖွဲ့သည် မိုင်းပန်တွင် မဲရုံပစ္စည်းနှင့် မဲရုံအဖွဲ့ဝင်များအား ပို့ပေးကာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို စစ်ဆေးပြီးအပြန်၌ မော်တော်ယာဉ်ကို သေနတ်ဖြင့် ပစ်ခတ်ခံရ၍ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှာ ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရသွားပြီး ဌာနခွဲစာရေး ဦးနေမင်းအောင်တွင် ဘယ်ခြေသလုံးနှင့် လက်တို့၌ ဒဏ်ရာအသီးသီးရသွားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~