မိုင်းယောင်းမြို့နယ်အတွင်း မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများတွင် Covid-19 ရှိ မရှိ သိနိုင်ရန် ဓါတ်ခွဲနမူနာများကို တောင်ကြီးမြို့အထိ ပို့စစ်ထား

မိုင်းယောင်းမြို့နယ်အတွင်း မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများတွင် Covid-19 ရှိ မရှိ သိနိုင်ရန် ဓါတ်ခွဲနမူနာများကို တောင်ကြီးမြို့အထိ ပို့စစ်ထား
အောက်တိုဘာ 18, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်အတွင်း  မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများတွင် Covid-19 ရှိ မရှိ သိနိုင်ရန် ဓါတ်ခွဲနမူနာများကို တောင်ကြီးမြို့အထိ ပို့စစ်ထား 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဒေသအသီးသီးက ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများကို ဒုတိယအသုတ်အဖြစ် Covid-19 စစ်ဆေးရန်အတွက် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့က ဓါတ်ခွဲနမူနာများရယူထားပြီး တောင်ကြီးမြို့သို့ ပို့စစ်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ မြို့နယ်ကျန်းမာရေးကနေ ပြည်နယ်ကျန်းမာရေးကို ချိတ်ဆက်ပြီးတော့ ဓါတ်ခွဲနမူနာတွေရယူစစ်ဆေးတာပါ။ တောင်ကြီးအထိ ပို့တာပေါ့နော်။ ကျွန်တော်တို့မှာ အားလုံးပေါင်း (၇၈)ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်က ပထမအသုတ်ကို ပို့စစ်ထားပြီ။ ဒုတိယအသုတ်ကတော့ မနေ့ကမှ ပို့တာပေါ့နော်၊ (၂၈)ယောက်ရှိပါတယ်။ အဓိက ကတော့ ကျန်းမာရေးရဲ့ အစီအစဉ်အရ စစ်တာပေါ့နော်။ အခု ဆရာမတွေကိုတော့ ပြည်နယ်ကို တင်ပြပြီးတော့ အာခေါင်တို့ပတ်တို့ နှာခေါင်းတို့ပတ်တို့ ယူထားပြီးတော့မှ ပို့တာပါ။"ဟု မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၈)ရက်နေ့တွင် ပြောသည်။
အခြေခံပညာမူလတန်းကျောင်း(ဟောင်ကွေ့)ရှိ Quarantine စင်တာတွင် အာခေါင်တို့ဖတ် နှင့် နှာခေါင်းတို့ဖတ်တို့ကို ရယူပြီးခြင်းဖြစ်ပြီး မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုတိယရဲမှူးရဲဝင်းနိုင်၊ မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင်းရှိ Quarantine စင်တာများတွင် ထားရှိသည့် မဲရုံကျ ပညာရေးဝန်ထမ်းများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ နှင့်   မိုင်းယောင်းမြို့ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းတို့က သယ်ယူပို့ဆောင်ရေးအတွက် ကူညီပေးခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်းမှ မဲရုံများတွင် တာဝန်ယူထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၆၈)ဦးအား ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က test kit များဖြင့် Covid-19 စစ်ဆေးခဲ့ပြီးကြောင်း သိရသည်။

"test kit လည်း ကျွန်တော်တို့မှာရှိတယ်။ အထူးရဲတွေကိုတော့ test kit တွေနဲ့ စစ်လိုက်တာ ချက်ခြင်း အဖြေပေါ်တယ်၊ အကုန်လုံးကတော့ negative တွေပါ"ဟု မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောသည်။
၂၀၂၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
မိုင်းယောင်းမြို့နယ်အတွင်း၌ Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးများတွင် ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်သာ ရောင်းချရန် နှင့် မိုင်းယောင်းမြို့သို့ အခြားမြို့များက လာမည်သူများအနေဖြင့် ရပ်ကွက်ထောက်ခံစာ ယူဆောင်လာရန် သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency

သတင်း - စိုင်းအောင်ဇော်လင်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~