ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တောင်ကြီးပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၉၆)ခု၏အဖြေစောင့်နေဆဲဖြစ်ပြီး နောက်ထပ် ဓာတ်ခွဲ (၁၀၀)ကျော် ထပ်ပို့မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တောင်ကြီးပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၉၆)ခု၏အဖြေစောင့်နေဆဲဖြစ်ပြီး နောက်ထပ် ဓာတ်ခွဲ (၁၀၀)ကျော် ထပ်ပို့မည်
အောက်တိုဘာ 17, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တောင်ကြီးမြို့သို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၉၆)ခု၏ အဖြေကို စောင့်နေဆဲဖြစ်ပြီး နောက်ထပ် ဓာတ်ခွဲ (၁၀၀)ကျော် ထပ်ပို့မည်
တောင်ကြီးမြို့ရှိ ဓာတ်ခွဲဌာနသို့ ပို့စစ်ထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ COVID 19 ဓာတ်ခွဲနမူနာ (၁၉၆) ခု၏ ဓာတ်ခွဲအဖြေကို စောင့်နေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် ဓာတ်ခွဲနမူနာ (၁၀၀)ကျော်ကို ထပ်မံပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မိုင်းတုံနှင့် မိုင်းဆတ်မှ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ (၃၉) ဦးအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးရာ COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။
“အတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို ဒီနေ့စစ်တာ မိုင်းတုံက (၃၄) ဦး၊ မိုင်းဆတ်က (၅) ဦး အားလုံး Negative ပါ။ တောင်ကြီးကိုပို့ထားပြီး ဓာတ်ခွဲအဖြေစောင့်နေတာက (၁၉၆) ဦးရှိတယ်။ မနက်ဖြန် ထပ်ပို့ရမယ့် ဓာတ်ခွဲနမူနာက (၁၀၀) ကျော်ရှိတယ်။”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီး - မိုင်းတုံ ကုန်ပစ္စည်းသယ်လာသည့် ရှမ်းမင်းသားယာဉ်လိုင်းမှ မော်တော်ယာဉ်မောင်းအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့က မိုင်းတုံမြို့အဝင်တွင် RTD ဖြင့် စစ်ဆေးရာ COVID 19 ပိုးတွေ့ရပြီး အဆိုပါ ယာဉ်မောင်း အောက်တိုဘာလ (၇)ရက်နေ့က သွားခဲ့သည့် မိုင်းဆတ်မြို့မှ ထိတွေ့သူ (၈)ဦးကို အသွားအလာကန့်သတ်၍ RTD ဖြင့်စစ်ဆေးရာမှ Positive (၁) ဦးကို ယင်းနေ့မှာပင် ထပ်မံတွေ့ရခြင်းဖြစ်သည်။
မိုင်းတုံတွင် အတည်ပြုလူနာနှင့် ထိတွေ့သူများအား အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာစစ်ဆေးရာ ယာဉ်မောင်းအား test kit ဖြင့်စစ်ပေးသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှာလည်း COVID 19 ကူးစက်ခံထားရသည်ကို အောက်တိုဘာလ(၁၄)ရက်နေ့တွင် စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်သည်။
အတည်ပြုလူနာ မော်တော်ယာဉ်မောင်းအား မိုင်းတုံဆေးရုံတွင် ကုသပေးနေပြီး ကျန်းမာရေးဝန်ထမ်းမှာ အခြားရောဂါအခံရှိသဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့၍ ကုသပေးထားခြင်းဖြစ်သည်။
မိုင်းဆတ်မြို့တွင်လည်း အတည်ပြုလူနာကို မိုင်းဆတ်ပြည်သူ့ဆေးရုံ၌ ကုသပေးနေပြီး ထိတွေ့သူများကို အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~