မိုင်းတုံမြို့မှ အတည်ပြုလူနာ ယာဉ်မောင်းနှင့် ထိတွေ့သူ မိုင်းတုံမြို့က (၉)ဦးကို Covid-19 စစ်

မိုင်းတုံမြို့မှ အတည်ပြုလူနာ ယာဉ်မောင်းနှင့် ထိတွေ့သူ မိုင်းတုံမြို့က (၉)ဦးကို Covid-19 စစ်
အောက်တိုဘာ 12, 2020
By Tachileik News Agency
မိုင်းတုံမြို့မှ အတည်ပြုလူနာ ယာဉ်မောင်းနှင့် ထိတွေ့သူ မိုင်းတုံမြို့က (၉)ဦးကို  Covid-19 စစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့က RTD ဖြင့် စစ်ဆေးတွေ့ရှိသည့် COVID 19 အတည်ပြုလူနာ ယာဉ်မောင်းနှင့် ထိတွေ့မှုရှိသူများကို စစ်ဆေးရာ ညနေ (၅)နာရီကျော်တွင် စစ်ဆေးပြီးသည့် (၉)ဦး၌ Negative အဖြေရထားပြီး ကျန်လူများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိ သူ့မိသားစု (၃)ယောက်ရှိတာက Negative ပဲ။ သူတို့အိမ်ရှေ့မှာ ဘုန်းကြီးကျောင်းရှိတော့ သူတို့ဝေယျာဝစ္စလုပ်ပေးနေတဲ့ ဘုန်းကြီးကျောင်းက ကပ္ပိယရော ဘုန်းကြီးတွေရော အကုန် Negative ပဲ။ သက်တော် (၁၀၀)ကျော်လောက်ရှိတဲ့ ဘုန်းကြီးကတော့ လောလောဆယ် အစစ်မခံတော့ စောင့်ကြည့်နေတာပေါ့။ ကျန်တဲ့ သူ့ရဲ့ကားဂိတ်က ယာဉ်မောင်းတွေနဲ့ ဂိတ်မှူးတွေကိုတော့ facility quarantine ထဲ ထည့်ထားတယ်။ အခုက ရှမ်းမင်းသားကားဂိတ်က ပြန်ဝင်လာတဲ့ ကားတွေလည်း ရှိနေတော့ သူတို့ကိုပိတ်စစ်နေတယ်"ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာ မော်တော်ယာဉ်မောင်းမှာ မိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ အောက်တိုဘာလ (၁၀) ရက်နေ့၌ ထွက်ခွာသွားခဲ့ကာ အောက်တိုဘာလ (၁၂) ရက်နေ့တွင် မိုင်းတုံမြို့သို့ ပြန်ဝင်လာစဉ် မြို့အဝင်၌ RTD ဖြင့် စစ်ဆေးရာမှ COVID 19 Positive တွေ့ရခြင်းဖြစ်ကြောင်း သိရသဖြင့် ထိတွေ့မှုရှိသူများအား ဖေါ်ထုတ်စစ်ဆေးနေခြင်းဖြစ်သည်။ 
"သူက လွန်ခဲ့တဲ့ (၇)ရက်နေ့တုန်းက မိုင်းဆတ်ဈေးက ကွမ်းယာဆိုင်ကို ကွမ်းရွက်သွားချတာ။ ဒီကနေ တောင်ကြီးသွားတဲ့ တစ်လျှောက်တော့ ဘယ်မှ မဝင်ဘူးပြောတယ်။ မိုင်းပန်အဝင်မှာ ကားပေါ်အိပ်၊ ကားပေါ်စားတယ်။ ဆီပန့်တစ်ခုတော့ ဆီဝင်ထည့်တယ်။ ခဏပဲလို့ပြောတယ်"ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။
မိုင်းတုံမြို့အဝင်စစ်ဆေးရေးဂိတ်တွင် COVID 19 ပိုးတွေ့ရသူမှာ ရှမ်းမင်းသားယာဉ်လိိုင်းမှ အသက်(၂၇)နှစ်ရှိ ယာဉ်မောင်း အောက်တိုဘာလ (၇)ရက်နေ့က ကွမ်းသွားပို့ခဲ့သည့် မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်မှ ဈေးဆိုင်ရှိမိသားစု (၈)ဦးကို facility quarantine ထားရှိထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~