မကွေးမြို့တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်၏ထောက်ပံ့ငွေကို လက်မှတ်အတု ထိုး၍ ထုတ်ယူမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၄)ဦးအား အမှုဖွင့်ထား

မကွေးမြို့တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်၏ထောက်ပံ့ငွေကို လက်မှတ်အတု ထိုး၍ ထုတ်ယူမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၄)ဦးအား အမှုဖွင့်ထား
အောက်တိုဘာ 27, 2020
By Tachileik News Agency
မကွေးမြို့တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်၏ထောက်ပံ့ငွေကို လက်မှတ်အတု ထိုး၍ ထုတ်ယူမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၄)ဦးအား အမှုဖွင့်ထား
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အောင်မေတ္တာရပ်ကွက်တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ကပံ့ပိုးသည့် COVID 19 ကာလထောက်ပံ့ငွေကို ရရှိကြောင်း လက်မှတ်ထိုး၍ ထုတ်ယူသူများစာရင်းတွင် ပါဝင်နေသော်လည်း ထောက်ပံ့ငွေမရသူတစ်ဦးက တိုင်ကြားထား၍  ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့အား အမှုဖွင့်ထားကြောင်း သိရသည်။
“နိုင်ငံတော်က ထောက်ပံ့တဲ့ငွေကို ကျွန်တော့် လက်မှတ်လည်း အတုထိုး၊ ကျွန်တော့် မှတ်ပုံတင်အမှတ်နဲ့  လိမ်ပြီး ထုတ်ထားတာတွေ့ရလို့ တာဝန်အရှိဆုံး ရပ်ကွက်ဥက္ကဌ ကိုဝင်းထိုက်နဲ့ ရပ်ကျေးစာရေး ဝေယံဦးတို့ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်”ဟု အောင်မေတ္တာ(ဃ)ရပ်ကွက်မှ ဦးအောင်ညိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးမြို့၊ အောင်မေတ္တာ (ဃ) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးသည် COVID 19 ကာလအတွင်း အခြေခံလူတန်းစားများအတွက် အထောက်အပံ့ဖြစ်စေရန် နိုင်ငံတော်က ပံ့ပိုးသည့်ထောက်ပံ့ငွေကို တစ်ကြိမ်မှ လက်ခံရရှိခဲ့ခြင်းမရှိသော်လည်း ၎င်း၏နာမည်မှာ ထောက်ပံ့ငွေထုတ်ယူထားသူများစာရင်းတွင် ပါဝင်နေသည်ကို တွေ့ရသဖြင့် အောက်တိုဘာလ (၂၄) ရက်နေ့၌ မကွေးမြို့နယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖွင့်တိုင်ကြားချက်အရ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့အား မကွေး နယ်မြေရဲစခန်းတွင် (ပ) ၈၀၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးဝင်းထိုက်က ထောက်ပံ့ငွေများကို ရာအိမ်မှူးများထံ ခွဲဝေပေးထားခဲ့ပြီး တိုင်ကြားသူအား ပေးအပ်ရန် ပျက်ကွက်သူမှာ ရာအိမ်မှူး ဦးခင်မောင်ကြည်နှင့် ဆယ်အိမ်မှူး ဦးပေတူးတို့ဖြစ်ကြောင်း အစစ်ဆေးခံသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့အား ထိန်းသိမ်းခြင်းမပြုတော့ဘဲ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့အား အမှုဖွင့်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်မြေရဲစခန်းမှ အဆိုပါအမှုအတွက် ဥပဒေအကြံတောင်းတင်ပြခဲ့ရာ ဥပဒေအကြံပြုချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့အား ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲတင်ရန်၊ ရာအိမ်မှူးနှင့် ဆယ်အိမ်စုမှူးတို့အား ရာဇသတ်ကြီးပုဒ်မ ၄၀၉/၁၁၄ အရ တရားစွဲတင်ရန် အကြံပြုချက်ရလာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ထိန်းသိမ်းထားပြီး နိုင်ငံ့ဝန်ထမ်းဖြစ်နေသည့် ရပ်ကျေးစာရေးအား တရားစွဲဆိုခွင့်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုမိန့် တင်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုအား လာမည့်တစ်ပတ်အတွင်း အမှုစွဲဆိုတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~