တာချီလိတ်မြို့သို့ ပြည်မမှ သယ်ယူမည့် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ရေးလမ်းကြောင်းတစ်လျှောက် အဟန့်အတား မရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ကူညီမည်

တာချီလိတ်မြို့သို့ ပြည်မမှ သယ်ယူမည့် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ရေးလမ်းကြောင်းတစ်လျှောက် အဟန့်အတား မရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ကူညီမည်
စက်တင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်မြို့သို့  ပြည်မမှ သယ်ယူမည့် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ရေးလမ်းကြောင်းတစ်လျှောက် အဟန့်အတား မရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ကူညီမည်
COVID 19 ကာကွယ်ရေး Quarantine သတ်မှတ်မှုများရှိနေသော်လည်း ပြည်တွင်း ဒေသအသီးသီးမှနေ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ စက်သုံးဆီနှင့် စားသောက်ကုန်များ  နှောင့်နှေးကြန့်ကြာမှု မရှိ၊ အဟန့်အတားမရှိ သယ်ဆောင်နိုင်ရေးအတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။
"တာချီလိတ်မှာ လက်ရှိဖြစ်နေတဲ့အခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ လက်ရှိကုန်ဈေးနှုန်း အခြေအနေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကူညီတဲ့အစီအစဉ်တွေအများကြီးရှိပါတယ်။ ပြည်မကနေ တာချီလိတ်ကို ကုန်ပစ္စည်းတွေ သယ်ယူမယ်။ စက်သုံးဆီတွေသယ်ယူမယ်ဆိုရင် လမ်းခရီးမှာအဆင်ပြေချောမွေ့စေဖို့အတွက် အဓိကဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ COVID ကာလဖြစ်တဲ့အတွက် အသွားအလာတွေ၊ ကန့်သတ်ချက်တွေများတဲ့အတွက် တစ်နေရာနဲ့တစ်နေရာ စစ်ဆေးမှုတွေလည်း အများကြီးရှိပါတယ်။ အဟန့်အတားမရှိ၊ အခက်အခဲမရှိ စစ်ဆေးမှုတွေ အနည်းဆုံးဖြစ်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတောင်းဆိုရတာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် ယခင်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှနေ၍ စက်သုံးဆီနှင့် ကုန်ပစ္စည်းများ အဓိကထား တင်သွင်းနေရာမှ မယ်ဆိုင်မြို့ဘက်က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ မြန်မာဘက်မှ ကုန်တင်ယာဉ်နှင့် ယာဉ်မောင်းများအား ကန့်သတ်မှုကို နှစ်နိုင်ငံညှိနှိုင်းသဘောတူညီမှုမရှိဘဲ ထုတ်ပြန်ခဲ့သဖြင့် တာချီလိတ်ဘက်က အလားတူ တုန့်ပြန်ကန့်သတ်လိုက်သဖြင့် နှစ်နိုင်ငံ ကုန်တင်ယာဉ် (၆) စီးစီသာ နေ့စဉ်ဖြတ်သန်းခွင့်ရနေခြင်းဖြစ်သည်။
မယ်ဆိုင်ဘက်မှ ကုန်အဝင်အကန့်အသတ်ရှိလာသဖြင့် ရေရှည်တွင် ဒေသတွင်း အခက်အခဲမဖြစ်စေရေးအတွက် တောင်ကြီးမြို့နှင့် မန္တလေးမြို့များသို့ တာချီလိတ်မြို့မှ ဆီဘောက်ဆာယာဉ်များ သွားရောက်သယ်ယူရာတွင် လမ်းကြောင်းတလျှောက် အခက်အခဲမရှိစေရေးအတွက် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးထားသည့်အပြင် ဒေသအသီးသီးမှ အခြေခံစားသောက်ကုန်များ အခွန်အကောက်မရှိဘဲ ဒေသတွင်း သယ်ယူပို့ဆောင်နိုင်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
တာချီလိတ်မြို့တွင်းသို့ မြန်မာနိုင်ငံအရပ်ရပ်မှ စားသောက်ကုန်များ နေ့စဉ်ဝင်ရောက်နေသည့်အပြင် မယ်ဆိုင်ဘက်မှလည်း အခြေခံစားသောက်ကုန်များကို မယ်ဆိုင်ဘက်က လက်ခံခွင့်ပြုထားသည့် မြန်မာမော်တော်ယာဉ် (၆) စီးဖြင့် သယ်ယူနေခြင်းဖြစ်သည်။
တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ် အကန့်အသတ်ဖြင့် ခွင့်ပြုထားသည့်ကာလအတွင်း တာချီလိတ်မြို့တွင်း ဈေးနှုန်းတည်ငြိမ်စေရေးအတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ တာချီလိတ်မြို့စက်သုံးဆီလုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ကုန်သည်ကြီးများ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~