တာချီလိတ် နှင့် မယ်ဆိုင် ဘက်မှ စက်တင်ဘာလ (၁၇)ရက်နေ့ကစ၍ တစ်နေ့လျှင် ကုန်တင်ယာဉ် (၆) စီးသာ ယာဉ်မောင်းလဲလှယ်သည့် စနစ်ဖြင့် ကုန်စည် ပို့ခွင့်ရမည်

တာချီလိတ် နှင့် မယ်ဆိုင် ဘက်မှ စက်တင်ဘာလ (၁၇)ရက်နေ့ကစ၍ တစ်နေ့လျှင် ကုန်တင်ယာဉ် (၆) စီးသာ ယာဉ်မောင်းလဲလှယ်သည့် စနစ်ဖြင့် ကုန်စည် ပို့ခွင့်ရမည်
စက်တင်ဘာ 16, 2020
By Tachileik News Agency


တာချီလိတ် နှင့် မယ်ဆိုင် ဘက်မှ စက်တင်ဘာလ (၁၇)ရက်နေ့ကစ၍ တစ်နေ့လျှင် ကုန်တင်ယာဉ် (၆) စီးသာ ယာဉ်မောင်းလဲလှယ်သည့် စနစ်ဖြင့်  ကုန်စည် ပို့ခွင့်ရမည်
မြန်မာနိုင်ငံအတွင်း COVID 19 တွေ့ရှိမှု တိုးလာနေ၍ နှစ်နိုင်ငံတွင် ရောဂါထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်နှင့် မယ်ဆိုင်ဘက်မှ  နေ့စဉ် ကုန်တင်ယာဉ် ဝင်ရောက်မှုကို တစ်နေ့လျှင် (၆)စီးနှုန်း ဝင်ခွင့်ပြုမည်ဖြစ်ပြီး နယ်စပ်၌ ယာဉ်မောင်းလဲလှယ်မောင်းနှင်စေသည့် စနစ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှ စတင်မည်ဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံဘက်မှာလည်း COVID နဲ့ပတ်သက်ပြီး အရှိန်အဟုန်မြင့်လာတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း နေ့စဉ်နဲ့အမျှ ကူးစက်မှုတွေရှိနေပါတယ်။ ကျွန်တော်တို့ဘက်က COVID ရောဂါထိန်းချုပ်ဖို့အတွက် တံတား(၂)မှာ ဖြတ်သန်းနေတဲ့ကားအရေအတွက်ကို အတတ်နိုင်ဆုံးလျော့ချမယ်။ ပြီးရင်ကျွန်တော်တို့ဘက်ကိုဝင်လာမယ့် ထိုင်းနိုင်ငံ ကုန်တင်ကားတွေက ယာဉ်မောင်းတွေကို တံတားပေါ်မှာပဲထားပြီး မြန်မာယာဉ်မောင်းတွေနဲ့ လဲပြီးမြို့ထဲကိုဝင်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း မြန်မာနိုင်ငံဘက်ကသွားတဲ့ကားသမားတွေက သူတို့နိုင်ငံက ယာဉ်မောင်းတွေနဲ့ လဲပြီးသွားရမှာ ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံဘက်တွင် COVID 19 ပြည်တွင်းကူးစက်မှု အများအပြားတွေ့ရှိချိန်အတွင်း တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှ နေ့စဉ်အစီးရေ အကန့်အသတ်မရှိ ခွင့်ပြုထားခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံဘက်တွင် ပြည်တွင်းကူးစက်မှုရှိလာချိန်၌ မြန်မာယာဉ်မောင်းများကို ထိုင်းဘက်က မယ်ဆိုင်ဘက်မဝင်စေဘဲ ယာဉ်မောင်းလဲ၍ မောင်းနှင်စေရန်နှင့် မြန်မာဘက်မှ မော်တော်ယာဉ်အဝင် ကန့်သတ်ခြင်းကို ထိုင်းဘက်က စက်တင်ဘာလ (၁၅)ရက်နေ့ ညပိုင်း၌ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထိုင်းနိုင်ငံဘက်မှ COVID 19 နှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ နေ့စဉ်ဖြတ်သန်းနေသည့် ကုန်တင်ယာဉ်များ လျှော့ချရန်နှင့် နှစ်နိုင်ငံ ယာဉ်မောင်းများ လဲလှယ်မောင်းနှင်စေသည့်စနစ် ကျင့်သုံးရန် တာချီလိတ်မှ တာဝန်ရှိသူများက စက်တင်ဘာလ (၁၆)ရက်နေ့၌ မြန်မာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ ညှိနှိုင်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
တာချီလိတ်မှ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆုံးဖြတ်ချက်အရ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)မှ မြန်မာနံပါတ်ပြားတပ် မော်တော်ယာဉ် တစ်ရက်လျှင် (၆)စီးနှင့် မယ်ဆိုင်ဘက်မှ ထိုင်းနံပါတ်ပြားတပ် မော်တော်ယာဉ် တစ်ရက်လျှင် (၆)စီးတို့သာ နှစ်နိုင်ငံ ယာဉ်မောင်းများ လဲလှယ်မောင်းနှင်သည့်စနစ်ဖြင့် ယင်းတစ်နေ့တာအတွင်း ခေါက်ပြန်သယ်ယူခွင့်ရကြမည်ဖြစ်သည်။
မြန်မာဘက်မှ ကုန်ပစ္စည်းသယ်ယာဉ်များကို မယ်ဆိုင်အဝင်ဘက်ခြမ်း၌ ပိုးသတ်ဆေးဖြန်းကာ ထိုင်းဘက်မှ မော်တော်ယာဉ်မောင်းများက လဲလှယ်မောင်းနှင်မည်ဖြစ်ပြီး ထိုင်းဘက်မှ ကုန်တင်ယာဉ်များကို တာချီလိတ်အဝင်ဘက်ခြမ်း၌ ပိုးသတ်ဆေးဖြန်းကာ မြန်မာမော်တော်ယာဉ်မောင်းများက လဲလှယ်မောင်းနှင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~