မကွေးတိုင်းအတွင်း COVID 19 ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်များ ထပ်တိုးထားပြီး ဈေးဆိုင်များ ပါဆယ်စနစ်သို့ ပြောင်းလဲထား

မကွေးတိုင်းအတွင်း COVID 19 ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်များ ထပ်တိုးထားပြီး ဈေးဆိုင်များ ပါဆယ်စနစ်သို့ ပြောင်းလဲထား
စက်တင်ဘာ 16, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း COVID 19 ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်များ ထပ်တိုးထားပြီး ဈေးဆိုင်များ ပါဆယ်စနစ်သို့ ပြောင်းလဲထား
မကွေးတိုင်းဒေသကြီးအတွင်း COVID 19 ကာကွယ်ရေးအတွက် ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ် (၁၉) ဂိတ် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားပြီး (၂၄)နာရီ စစ်ဆေးမှုများ ဆောင်ရွက်နေသည့်အပြင် ညမထွက်ရအမိန့်ဖြင့် ကြပ်မတ်ခြင်း၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်းကိုလည်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ ဆောင်ရွက်နေသည်။
“ COVID 19 ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ဂိတ်(၁၉)ဂိတ် ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး (၂၄) နာရီ ပိတ်ဆို့တားဆီးစစ်ဆေးနေပါတယ်။ ပြည်ကနေ မကွေးကိုလာမယ်ဆိုရင်ကိုပဲ လမ်းမှာ (၄) ကြိမ်လောက် အစစ်ဆေးခံရမှာဖြစ်ပါတယ်။ ညဉ့်နက်သန်းခေါင် အပြင်မှာအကြောင်းမဲ့သွားလာနေကြတာမျိုး၊ အနှိပ်ခန်းတွေ၊ KTV တွေဆီ သွားလာတာမျိုး၊ ရာဇဝတ်မှုမကင်းတာလုပ်ဖို့ သွားလာတာမျိုးတွေ မရှိစေဖို့အတွက် ဒီကာလဟာ အရေးကြီးတဲ့ကာလဖြစ်တာကြောင့် ဒီကာလလေးမှာ ဖိဖိစီးစီး တားဆီးနိုင်မှ ဖြစ်မှာမို့လို့ ဒီနေ့ကစပြီး ညမထွက်ရအမိန့်ထုတ်ပြီး ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ အပင်ပန်းအဆင်းရဲခံပြီး ကြပ်မတ်ဆောင်ရွက်နေကြပါတယ်”ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့က ပြောသည်။
ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် မကွေးတိုင်းဒေသကြီးအတွင်း COVID 19 ကာကွယ်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နေကြရာ လက်ရှိအချိန်ထိ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်နေသည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
“လက်ရှိအခြေအနေအရ ကျွန်တော်တို့လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ယူဆရမှာပါ။ မကွေးတိုင်းနဲ့ ထိစပ်နယ်မြေ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်၊ မန္တလေးတို့နဲ့စာရင် ကျွန်တော်တို့ဆီမှာ Positive လူနာ (၁၂) ယာက်ပဲရှိသေးတာကို တွေ့ရပါလိမ့်မယ်။ (၁၂) ယောက်အနက်ကလည်း (၄) ယောက်က ဆေးရုံကဆင်းသွားနိုင်ပြီး (၈) ယောက်ပဲကျန်ရှိပါတယ်။ ဒီရလဒ်ဟာ တိုင်းအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတွေနဲ့ ကျွန်တော်တို့ရဲ့ ကြပ်မတ်ဆောင်ရွက်မှု၊ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင် ရွက်ကြမှုကြောင့်လို့ ပြောရမှာဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က မှတ်ချက်ပြုသည်။
COVID-19 ကပ်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မကွေးတိုင်းသို့ ဝင်/ထွက်ရာလမ်းကြောင်းများတွင် စစ်ဆေးရေးဂိတ်များတိုးချဲ့စစ်ဆေးခြင်း၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခွင့်မပေးတော့ဘဲ ပါဆယ်စနစ်ဖြင့် ပြောင်းလဲရောင်းချစေခြင်း၊ ဈေးဆိုင်များတွင် ဈေးဝယ်များ သတ်မှတ်အကွာအဝေးမှ ဝယ်ယူနိုင်ရန် ပြင်ဆင်စေခြင်း၊ ဈေးသည် ဈေးဝယ်များ mask တပ်စေခြင်းဖြင့် ကြပ်မတ်ပေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲတပ်ဖွဲ့
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~