အတည်ပြုလူနာ နှင့် ထိတွေ့ခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့မှ အမျိုးသမီး(၂)ဦးတွင် Covid-19 ပိုး မတွေ့သော်လည်း နေအိမ်အား အသွားအလာ ကန့်သတ်ထား

အတည်ပြုလူနာ နှင့် ထိတွေ့ခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့မှ အမျိုးသမီး(၂)ဦးတွင် Covid-19 ပိုး မတွေ့သော်လည်း နေအိမ်အား အသွားအလာ ကန့်သတ်ထား
စက်တင်ဘာ 17, 2020
By Tachileik News Agency
အတည်ပြုလူနာ နှင့် ထိတွေ့ခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့မှ အမျိုးသမီး(၂)ဦးတွင် Covid-19 ပိုး မတွေ့သော်လည်း နေအိမ်အား  အသွားအလာ   ကန့်သတ်ထား 
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူတို့မှာ ပြင်ဦးလွင်မြို့ရှိ  Covid-19 ရောဂါပိုးတွေ့ရှိခဲ့သော ဆေးခန်းတွင် သွားရောက်ပြသခဲ့မိသောကြောင့် ဓါတ်ခွဲနမူနာ စစ်ဆေးခဲ့ရပြီး စက်တင်ဘာလ (၁၇)ရက်နေ့ စစ်ဆေးချက်မှာ ပိုးမတွေ့ရှိသော်လည်း ၎င်းမိသားစုနေအိမ်နှင့် ဆက်စပ်နေရာများအား အသွားအလာဆက်၍ ကန့်သက်ထားရှိမည်ဖြစ်ကြောင်းသိရသည်။
“ဒီမှာတော့ negative ဖြစ်နေတဲ့အခါ ကျတော့ တောင်ကြီးမှာထပ်ပြီး စစ်ထားတဲ့ အဖြေပေါ်မူတည်ပြီး နှစ်ခုယှဉ်ကြည့်ရပါမယ်။  သူတို့ဒီမိသားစုတွေနဲ့ အတူနေတဲ့သူတွေကတော့ Quarantine Lock Down ကတော့ချထားရမှာပါ။ (၁၄)ရက်လည်း မပြည့်သေးဘူးပေါ့။ ကျန်တဲ့သူတွေ တော့ သူတို့က primary contact လို့ခေါ်တာပေါ့။ အဲ့ဒါကိုတော့ ကျွန်တော်တို့က ဆက်ပြီးတော့ Home Stay ပေါ့ လော့ဒေါင်းချထားဦးမှာပေါ့ ။ သူတို့အိမ်တွေကို မဝင်နဲ့ဦးပေါ့ ။ Home stay နောက်ထပ်တစ်ပတ်ပေါ့။ သုံးပတ်ပြည့်ပြီးတော့မှပဲ ဒီနေရာတွေပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့ ထိတွေ့တဲ့ဟာနဲ့ နှစ်ပတ်ပေါ့ ။ ပုံမှန်အားဖြင့် Quarantine ထားရှိတာသုံးပတ်ပေါ့ ။ နောက်ထပ် တစ်ပတ်ကြာရင် တစ်ခါပြန်ပြီးစစ်ဦးမှာဖြစ်ပါတယ်။ ” ဟု ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့အတည်ပြုပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ (၁၆)ရက်နေ့က ထုတ်ပြန်ချက်တွင် ပါဝင်သည့် ပြင်ဦးလွင် မြို့နယ်မှ COVID-19 ပိုးတွေ့ရှိသူ  ဆရာဝန်ထံ စက်တင်ဘာလ (၆)ရက်နေ့ နှင့် (၇)ရက်နေ့တို့တွင် သွားရောက်ဆေးခန်းပြခဲ့သော လွိုင်ကော်မြို့ ၊ နာနတ်တောရပ်ကွက်မှ အမျိုးသမီးတစ်ဦး နှင့် သမီးဖြစ်သူ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းတို့အား စက်တင်ဘာလ (၁၆)ရက်နေ့တွင် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် Hospital Quarantine ထားရှိပြီး ၎င်း မိသားစုဝင် (၉) ဦးနှင့် နေအိမ်အား  LOCK DOWN ချ၍ ဆက်စပ်နေရာများအား အသွားအလာကန့်သက်ထားခြင်းဖြစ်သည်။
“ကျွန်တော်တို့က ပြည်နယ် ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်နဲ့အညီဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့က အခုလောလောဆယ် (၁၄)ရက် အပေါင်း(၇)ပေါ့ နော်။ Home Quarantine (၇)ရက်လည်းရှိတော့ (၂၁)ရက်ကတော့ဒါ ဆက်ရှိနေအုံးမှာပေါ့ ။ ပြည်နယ်ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်နဲ့အညီ ဒါကို အချိန်ကာလ တစ်ခုရောက်တဲ့ချိန်မှာ Lock Down ပြန်ဖြေပေးဖို့အစီစဉ်ရှိပါတယ်။ အခုကတော့ ဆက်ထားအုံးမှာပေါ့ stay at home လုပ်ထားတဲ့ ဝန်ထမ်းတွေလည်းရှိတယ် ။ သူတို့ကို stay at home ဆက်ထားမယ်။ Lock Down ချထားတဲ့နေရာတွေလည်း Lock Down ချထားဆဲပါ။ စိတ်ချယုံကြည်ရတဲ့အနေထားရောက်ရင်တော့ Lock Down ပြန်ဖွင့်တာတွေလုပ်ပေးမှာပါ ။” ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
Covid-19 ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့သူ နေထိုင်သည့် နာနတ်တောရပ်ကွက်ရှိ နေအိမ်နှင့် သမီးဖြစ်သူ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းမှ သွားရောက်ခဲ့သော လွိုင်ကောမြို့နယ် ၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်ရှိ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးဝန်းနှင့် ဝန်ထမ်းအိမ်ယာ အပါအဝင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံးတို့ အား Lock Down ချထားကြောင်းသိရသည်။
ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့သူ၏ သမီးမှာ မြို့နယ်ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး စက်တင်ဘာလ (၁၆)ရက်နေ့တွင် လွိုင်ကော် တက္ကသိုလ်၊ Community Based Facility Quarantine တွင် တာဝန်ထမ်းဆောင်ခဲ့ရာတွင်  ၎င်းနှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း (၈) ဦး၊ နောင်ယားဝေးအနီး ဈေးဝယ်ခဲ့သော ကုန်စုံဆိုင်တစ်ဆိုင် နှင့် ပိုးရှိသူနှင့်ထိတွေ့ခဲ့သူ၏ သမက်ဖြစ်သူ CB ဘဏ်ဝန်ထမ်း နှင့်အလုပ်လုပ်ကိုင်ခဲ့သူ ဝန်ထမ်း (၁၁)ဦးတို့အား  Stay ‌at Home နေထိုင်ခိုင်းထားကြောင်းသိရသည်။
စက်တင်ဘာလ (၁၇)ရက်နေ့တွင် Hospital Quarantine ထားရှိသော ပိုးရှိသူနှင့်ထိတွေ့ခဲ့သူ နှင့် သမီးဖြစ်သူတို့အား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲ နမူနာများစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခြင်းမရှိကြောင်းသိရပြီး ဓါတ်ခွဲအဖြေတိကျသေချာစေရန်အတွက် ၎င်း တို့၏ ဓာတ်ခွဲနာမူနာများကို တောင်ကြီးမြို့သို့ စက်တင်ဘာလ (၁၇)ရက်နေ့နံနက်က ထပ်မံပေးပို့ထားကြောင်းသိရသည်။
ကယားပြည်နယ်၊  လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင်  စက်တင်ဘာလ (၁၇)ရက်နေ့ထိ Covid-19 နှင့် ပတ်သက်၍ ဆေးရုံတက်ရောက်နေသူ (၆)ဦး ရှိပြီး (၂)ဦးတွင် ပိုးမတွေ့ရကြောင်း အဖြေထွက်ထားပြီး ကျန်လူနာ (၄) ဦး၏ ဆေးစစ်ချက်ကိုလည်း  ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့တွင် ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသည့် လွိုင်ကော် သာသနာ့ဗိမ္မာန် Facility Quarantine မှ  (၈) ဦး၊ ဒီးမော့ဆို စိုက်ပျိုးရေး သိပ္ပံ Facility Quarantine မှ (၉) ဦး၊ မော်ချီး သတ္တုတွင်း ဝန်ထမ်းအိမ်ရာ မှ Facility Quarantine (၁) ဦး နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁) ဦး နှင့် Hospital Quarantine လူနာ (၁) ဦး ၊ ရှားတောမြို့နယ် တို့မှ စောင့်ကြည့်လူနာ (၁) ဦး စုစုပေါင်း (၂၁) ဦး ရှိပြီး  ဓာတ်ခွဲနမူနာများအား တောင်ကြီးမြို့သို့ ပေးပို့ စစ်ဆေးထားကြောင်း ကယားပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~