တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ် ကန့်သတ်လိုက်ချိန်၌ မြန်မာမော်တော်ယာဉ်အချို့က ကုန်တင်ခ မြှင့်တင်ကောက်ခံနေ

တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ် ကန့်သတ်လိုက်ချိန်၌ မြန်မာမော်တော်ယာဉ်အချို့က ကုန်တင်ခ မြှင့်တင်ကောက်ခံနေ
စက်တင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ် ကန့်သတ်လိုက်ချိန်၌ မြန်မာမော်တော်ယာဉ်အချို့က ကုန်တင်ခ မြှင့်တင်ကောက်ခံနေ
တာချီလိတ် - မယ်ဆိုင်  ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် တာချီလိတ်ဘက်မှ မြန်မာလိုင်စင်နံပါတ်ပြားတပ် မော်တော်ယာဉ် (၆) စီးကိုသာ အဝင်လက်ခံသည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ မြန်မာမော်တော်ယာဉ်အချို့က ကုန်ပစ္စည်းသယ်ဆောင်ခ တိုးမြှင့်တောင်းနေကြောင်း သိရသည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှနေ၍ တာချီလိတ်နှင့် မယ်ဆိုင်သို့ နေ့စဉ် ကုန်စည်ကူးသန်းနေသည့် ကုန်တင်ယာဉ်ပေါင်း (၃၀၀)ကျော်ရှိနေရာမှ COVID 19 ကာကွယ်ရေးအတွက် မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက ထိုင်းလိုင်စင်ဖြင့်မော်တော်ယာဉ် (၁၆၂)စီးနှင့် မြန်မာလိုင်စင်ဖြင့် မော်တော်ယာဉ် (၆)စီးကိုသာ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ မယ်ဆိုင်ဘက် အဝင်ခံမည်ဖြစ်ကြောင်း ကန့်သတ်လာသဖြင့် တာချီလိတ်ဘက်ကလည်း ထိုင်းလိုင်စင်မော်တော်ယာဉ် (၆)စီးကိုသာ ပြန်လည် လက်ခံခဲ့ခြင်းဖြစ်သည်။
မယ်ဆိုင်ဘက်မှ ကုန်တင်ယာဉ် (၆)စီး စီ နေ့စဉ်ပြောင်းလဲ ဝင်ရောက်နေသော်လည်း တာချီလိတ်ဘက်မှ သတ်မှတ်မော်တော်ယာဉ် (၆)စီးကိုသာ နေ့စဉ်ပြေးဆွဲခွင့်ပေးထားခြင်းဖြစ်ရာ မြန်မာ မော်တော်ယာဉ်အချို့က မယ်ဆိုင်ဘက်မှ ကုန်ပစ္စည်းသယ်ယူခကို ဈေးမြှင့်တောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။
"အရင်က ပုံမှန်ဆိုရင် ကားခက (၈၀၀)ပါ အပြီးအစီးမှ ပစ္စည်းတင်ရင် (၃၀၀၀)ကျော်ကျော်ပဲ တောင်းတယ်။ အခုက မနေ့က (၄၅၀၀ ဘတ်)တောင်းတယ်။ ဒီနေ့ မနက်က (၅၀၀၀) ၊ ညနေကျတော့ (၁၀,၀၀၀) အထိတောင်းတယ်"ဟု တာချီလိတ်မြို့မှ စားသောက်ကုန်ရောင်းချသူတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ် - မယ်ဆိုင် ပြေးဆွဲနေသည့် မြန်မာမော်တော်ယာဉ်မောင်း အများစုမှာ ထိုင်းလိုင်စင်နံပါတ်ပြားဖြင့် မော်တော်ယာဉ်များဖြစ်နေ၍ ပြေးဆွဲခွင့်မရဘဲဖြစ်နေခြင်းဖြစ်သည်။
"ကျွန်တော်တို့တွေဆို လုပ်ငန်းရှင်တွေ မဟုတ်ကြပါဘူး။ တစ်ရက်လောက် ကားမပြေးရရင် တစ်ရက်သိသာတဲ့လူတွေပါ။ ဒါတောင် ပြေးဆွဲခွင့်မရဘူးဆိုပြီး ကန့်သတ်တော့လည်း ကျွန်တော်တို့တွေကတော့ အားလုံးကောင်းဖို့ တာဝန်ရှိသူတွေ  ဆုံးဖြတ်လုပ်ဆောင်နေတာကို အနှောင့်အယှက်ဖြစ်အောင် ဘာမှ မလုပ်ကြပါဘူး။ ကျွန်တော်တို့က နစ်နာနေတာတောင် ပူးပေါင်းကူညီနေတာကို ပြေးဆွဲခွင့်ရတဲ့အထဲက တစ်ချို့က ကိုယ့်စီးပွားရေးကိုယ်ကြည့်ပြီး လုပ်နေကြတယ်။ ကျွန်တော်တို့ မျှော်လင့်တာက ဒီလိုဖြစ်နေချိန် ကိုယ့်ဒေသ အခြေခံစားသောက်ကုန် လိုအပ်တာလေးပဲသယ်။ ဈေးလည်းပုံမှန်ပဲ ထားပေါ့ဗျာ။ အဲဒီလိုဖြစ်စေချင်တယ်"ဟု စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ ကုန်တင်ယာဉ်ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းခံထားရသည့် မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိပြေးဆွဲခွင့်ရ မော်တော်ယာဉ် (၆)စီးမှ အချို့လုပ်ငန်းရှင်များက ယခင်က မိမိတို့လုပ်ငန်းသုံးပစ္စည်းသယ်ယာဉ်များအဖြစ် အသုံးပြုနေရာမှ မယ်ဆိုင်ဘက်က အကန့်အသတ်ဖြင့် ခွင့်ပြုချိန်၌ ဒေသတွင်း လိုအပ်သည့်ကုန်ပစ္စည်းများ သယ်ယူရေးကို ကူညီလုပ်ဆောင်နေကြောင်း သိရသည်။
"ကျွန်တော်တို့ ကားလေး (၂)စီးလည်း ပြေးခွင့်ရတဲ့အထဲ ပါပါတယ်။ ဒါလေး (၂)စီးကလည်း ကြာပါပြီ။ ကျွန်တော်တို့က ကုန်တင်အငှားယာဉ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကာလမှာ ကိုယ့်ဒေသ၊ ကိုယ့်လူတွေ အဆင်ပြေပါစေတော့ဆိုပြီး ကျွန်တော်တို့ဘက် သယ်ရမယ့် ဘယ်ကုန်မဆို သယ်ပေးခိုင်းထားပါတယ်။ ငွေကြေးလည်း မသတ်မှတ်ပါဘူး။ ကုန်သည်တွေ သယ်တဲ့သူတွေက ကုန်စိမ်း၊အသားငါးကအစ ဒီဘက်လိုအပ်တာ သူတို့သယ်နေကြအတိုင်း သယ်နေကြဈေးနှုန်းနဲ့ပဲ သယ်ကြဖို့ ပြောထားတာပါ။ ကျွန်တော်တို့က ကုန်တင်ခဈေးနှုန်းတွေလည်း မသိတော့ မသတ်မှတ်ပါဘူး"ဟု မယ်ဆိုင်ဘက်မှ ပြေးဆွဲခွင့်ပေးထားသည့် မြန်မာလိုင်စင်မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သည့် လုပ်ငန်းရှင် ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခု သွားလာခွင့်ရနေသည့် မြန်မာလိုင်စင်ယာဉ် (၆)စီးသည် မယ်ဆိုင်ဘက်က ပေးပို့ခွင့်ပြုပေးထားသည့် ယာဉ်ဖြစ်သည့်အတွက် ကုန်ပစ္စည်း သယ်ဆောင်နိုင်ရန်  ကုန်ပစ္စည်းသယ်လိုသည့် ကျန်ရှိသည့် မြန်မာလိုင်စင်မော်တော်ယာဉ်များ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့မှစ၍ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းကြရန် အသိပေးကြေညာထားသည်။

 Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~