မယ်ဆိုင်ဘက်သို့ မြန်မာမော်တော်ယာဉ်များနှင့် ယာဉ်မောင်းများ ကန့်သတ်ခြင်းကို တာချီလိတ်က အလားတူ တုန့်ပြန်ဆောင်ရွက်မည်

မယ်ဆိုင်ဘက်သို့ မြန်မာမော်တော်ယာဉ်များနှင့် ယာဉ်မောင်းများ ကန့်သတ်ခြင်းကို တာချီလိတ်က အလားတူ တုန့်ပြန်ဆောင်ရွက်မည်
စက်တင်ဘာ 16, 2020
By Tachileik News Agency
မယ်ဆိုင်ဘက်သို့ မြန်မာမော်တော်ယာဉ်များနှင့် ယာဉ်မောင်းများ ကန့်သတ်ခြင်းကို တာချီလိတ်က အလားတူ တုန့်ပြန်ဆောင်ရွက်မည်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်က မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်မှ ဝင်ရောက်သည့် မော်တော်ယာဉ်များနှင့် ယာဉ်မောင်းများကို ကန့်သတ်မှုများ ပြုလုပ်မည်ဟု ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်၍ တာချီလိတ်မြို့ဘက်ကလည်း မယ်ဆိုင်ဘက်မှ အဝင်ယာဉ်များကို အလားတူ ပြန်လည်တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"သူတို့ဘက်က မြန်မာယာဉ်မောင်းတွေကို ပေးမဝင်ဘူးဆိုရင် ဒီဘက်မှာလည်း သူတို့ယာဉ်မောင်းတွေ ပေးမဝင်ဘူး။ သူတို့လုပ်တဲ့အတိုင်း ပြန်ပြီးတုန့်ပြန်ဆောင်ရွက်သွားမယ်။ အကျိုးဆက်က ဘာဖြစ်လာနိုင်လဲဆိုတော့ ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာသွားနိုင်တယ်။ ကောလဟလသတင်းတွေကြောင့် ကုန်ဈေးနှုန်းတွေ အနည်းငယ် တက်သွားနိုင်တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံက အချုပ်အခြာ အာဏာပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် သူတို့ကန့်သတ်ချင်တိုင်း ကန့်သတ်လို့မရဘူး"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက ပြောသည်။
ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ဘက်သို့ မြန်မာကုန်တင်ယာဉ်မောင်းများ ဝင်ရောက်ခွင့် ကန့်သတ်ရန် စီစဉ်နေမှုနှင့်ပတ်သက်၍ တာချီလိတ်နှင့် မယ်ဆိုင် မြို့နယ်အဆင့်တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် မယ်ဆိုင်မြို့၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ရာ၌ မြန်မာဘက်မှ လက်မခံနိုင်ကြောင်း ပြန်လည်ဆွေးနွေးထားခြင်းဖြစ်သည်။
ယင်းသို့ဆွေးနွေးထားသော်လည်း ချင်းရိုင်ခရိုင်တာဝန်ရှိသူများက မယ်ဆိုင်ဘက်သို့ မြန်မာယာဉ်မောင်းနှင့် ယာဉ်များ ဝင်ရောက်ခွင့်ကန့်သတ်ခြင်းအား စက်တင်ဘာလ (၁၇)ရက်နေ့၌ စတင်မည်ဟု စက်တင်ဘာလ (၁၅)ရက်နေ့၌ တာချီလိတ်ဘက် သဘောတူညီချက်မပါဘဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သတ်၍ တာချီလိတ်ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက စက်တင်ဘာလ (၁၆)ရက်နေ့ နေ့လယ် (၁)နာရီတွင် ဆွေးနွေးကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံက COVID 19 ထိန်းချုပ်ရေးအတွက် တာချီလိတ် - မယ်ဆိုင်ကြားရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး နှစ်နိုင်ငံ ကုန်စည်ကူးသန်းရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် နှစ်နိုင်ငံမှကုန်တင်ယာဉ်များကို ယာဉ်မောင်းတစ်ဦးစီဖြင့် ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်စည်ကူးသန်းရေးအတွက် မြန်မာနိုင်ငံဘက်မှ ကုန်တင် မှန်လုံမော်တော်ယာဉ်ငယ် အစီးရေ(၆၀) ခန့်နှင့် ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်ကြီး အစီးရေ (၁၃၀) မှ (၁၅၀) ကြား နေ့စဉ်ဖြတ်သန်းနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~