တာချီလိတ် - မယ်ဆိုင်ကြား တစ်ဖက်သတ်ကန့်သတ်ခဲ့သည့် ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည်တောင်းပန်

တာချီလိတ် - မယ်ဆိုင်ကြား တစ်ဖက်သတ်ကန့်သတ်ခဲ့သည့် ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည်တောင်းပန်
စက်တင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်ကြား တစ်ဖက်သတ်ကန့်သတ်ခဲ့သည့် ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည်တောင်းပန်
တာချီလိတ် - မယ်ဆိုင်ကြား မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)တွင် ထိုင်းဘက်ကစတင်၍ တစ်ဖက်သတ် ကန့်သတ်မှုများနှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၌ မြန်မာဘက်သို့ လာရောက်တောင်းပန်သွားပြီး နှစ်နိုင်ငံ ဌာနစုံဖြင့်  တွေ့ဆုံဆွေးနွေးပွဲအား စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
“သူတို့ဘက်ကလည်း ကျွန်တော်တို့ဘက်ကို ဒီလိုမျိုးဆောင်ရွက်ခဲ့တဲ့အတွက် တောင်းပန်တယ်ဆိုတာ ဒီမြို့ပိုင်ကိုယ်တိုင် ကျွန်တော်တို့ဆီကို လာပြီးတော့ တောင်းပန်သွားပါတယ်။ နှစ်နိုင်ငံ အရင်လိုပဲ ညီအစ်ကိုလိုပဲ ပြန်ပြီးတော့ နေပါရစေဆိုပြီးတော့ ချစ်ကြည်ရင်းနှီးမှုမပျက်ပါနဲ့ဆိုပြီးတော့ ဒါလေးပြန်တောင်းပန်သွားပါတယ်။ နောက်တစ်ခုက သူတို့ဘက်က အခက်အခဲတွေကိုလည်း ကျွန်တော်တို့ဘက်ကို ပြန်ပြီးတော့ ဆွေးနွေးသွားပါတယ်။ ဒီနေ့ ဆွေးနွေးချက်အရ ကျွန်တော်တို့ဘက်က ဆွေးနွေးမှုတွေက အလားအလာ ကောင်းနိုင်ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ် - မယ်ဆိုင်မြို့ကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှနေ၍ ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု အပေါ် မယ်ဆိုင်ဘက်က နှစ်နိုင်ငံ ညှိနှိုင်းခြင်းမရှိဘဲ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ တစ်ဖက်သတ် ထုတ်ပြန်မှုအပေါ် တာချီလိတ်ဘက်က ပြန်လည်ကန့်သတ်လိုက်သဖြင့် မြန်မာဘက်သို့ စက်တင်ဘာလ (၂၅)ရက်နေ့၌ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။
“ကျွန်တော်တို့ မြန်မာဘက်က ဆွေးနွေးတာကတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော အတည်ပြုထားတဲ့၊ ညွှန်ကြားတဲ့အချက်တွေပေါ့။ အဓိကအချက်ကတော့ အခွန်တွေ လျှော့ပေါ့ပေးဖို့၊ ကားဖြတ်သန်းခွင့်စလစ်တွေအတွက် ပိုက်ဆံအများကြီးကောက်တာ၊ ရက်လွန်ကြေး အများကြီးကောက်တာ၊ တံတားပေါ်ဖြတ်သန်းခွင့်မပေးတာတွေကို ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးမှုမှာ သူတို့ပြောသွားတဲ့အရတော့ အခြေအနေကောင်းပါတယ်။ ကျွန်တော်တို့ ရက်လွန်ဒဏ်ကြေးကိစ္စတွေကိုလည်း ကျွန်တော်တို့ တောင်းဆိုထားတဲ့အတိုင်း ဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်။ စလစ်နဲ့ အခွန်ကတော့ သူတို့အကောက်ခွန်ကိစ္စတွေဖြစ်လို့ အကြောင်းပြန်ပေးမယ် ပြောပါတယ်။ ဒီဆွေးနွေးချက်အားလုံးကို လာမယ့် စက်တင်ဘာလ (၂၈)ရက်နေ့မှာ ထိုင်းဘက်က တရားဝင်လာပြီး ဖြေကြားဖို့ရှိပါတယ်။”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
နှစ်နိုင်ငံမြို့နယ်အဆင့်တာဝန်ရှိသူများဖြစ်သည့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မယ်ဆိုင်မြို့ပိုင်တို့ (၂)ဦးတို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက် အစည်းအဝေးခန်းမ၌ တံခါးပိတ် အလွတ်သဘောဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တာချီလိတ် - မယ်ဆိုင်နှစ်နိုင်ငံကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် နေ့စဉ် ထိုင်းလိုင်စင်ယာဉ် (၁၆၂)စီးနှင့် မြန်မာလိုင်စင်မော်တော်ယာဉ် (၆)စီးကိုသာ ဖြတ်သန်းခွင့်ပေးမည်ဟု စက်တင်ဘာလ (၁၅)ရက်နေ့၌ ထိုင်းဘက်က ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ ထုတ်ပြန်ခြင်းအပေါ် ထိုင်းလိုင်စင်ယာဉ်များလည်း မြန်မာနည်းတူ (၆)စီးသာဝင်ရန် စက်တင်ဘာလ (၁၆)ရက်နေ့၌ ပြန်လည်ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တုန့်ပြန်လိုက်မှုကြောင့် မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ တင်ပို့နေသည့် ကုန်စည်များ တင်ပို့မှုများစွာ ကျဆင်းသွားသည့်အတွက် နေ့စဉ် ဘတ်သန်း (၈၀)မှ (၁၀၀)ကြား ဆုံးရှုံးနေရပြီး မယ်ဆိုင်ဘက်ခြမ်းရှိ ကုန်တိုက်ကြီးများ၌ အရောင်းထက်ဝက်ကျော် ကျဆင်းသွားသဖြင့် တာချီလိတ်ဘက်မှ တာဝန်ရှိသူများနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် ထိုင်းကုန်သည်၊ လုပ်ငန်းရှင်များက မယ်ဆိုင်မြို့မှ တာဝန်ရှိသူများအား တောင်းဆိုတိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် မြန်မာလိုင်စင်မော်တော်ယာဉ်များအား ထိုင်းဘက်သို့ဝင်၍ ကုန်စည်သယ်ယူပို့ဆောင်ခွင့်အတွက် ကန့်သတ်နေမှုများအပါအဝင် တာချီလိတ် - မယ်ဆိုင် နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များတွင် နှစ်နိုင်ငံတန်းတူအခွင့်အရေးအပေါ် အခြေခံရန် တာချီလိတ်မှ တာဝန်ရှိသူများက ပြောကြားထားခြင်းဖြစ်သည်။
တာချီလိတ် - မယ်ဆိုင် ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် တာချီလိတ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်ပတ်အတွင်း ဖြေရှင်းပေးမည်ဟု မယ်ဆိုင်မြို့ပိုင်က ထိုင်းကုန်သည်၊ လုပ်ငန်းရှင်များအား ပြောကြားထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~