ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ( ၁၂၁ )ဦးကို တာချီလိတ်တွင် Quarantine သတ်မှတ်ထား

ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ( ၁၂၁ )ဦးကို တာချီလိတ်တွင် Quarantine သတ်မှတ်ထား
စက်တင်ဘာ 16, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ( ၁၂၁ )ဦးကို တာချီလိတ်တွင် Quarantine  သတ်မှတ်ထား 
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ quarantine center တွင် ထိုင်းနိုင်ငံမှပြစ်ဒဏ်စေ့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၂၁)ဦးကို ထားရှိရာ၌ quarantine center မှ ထွက်ပြေး၍ ပြန်လည်ထိန်းသိမ်းရသူ (၂)ဦးရှိခဲ့၍ စည်းကမ်းထိန်းသိမ်းရေးကို ပိုတင်းကြပ်ထားရပြီး quarantine ဝင်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံလိုက်သည်။
“သူတို့မှာ အချို့ကလည်း ဟိုဘက်ကို တရားမဝင် ဝင်လို့၊ အထောက်အထား မပြည့်စုံလို့ စတာတွေနဲ့ ထိန်းသိမ်းခံရတာရှိသလို တစ်ချို့ကလည်း ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ပါတာပေါ့။ နောက် လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတော့ quarantine  center မှာ စည်းကမ်းထိန်းသိမ်းတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက နားလည်အောင် ပြောပြတယ်။ စည်းကမ်းလိုက်နာအောင်လည်း ထိန်းသိမ်းကြပ်မတ်တယ်။ သူတို့တွေအနေနဲ့ ဒီ quarantine ကာလမှာရောဂါပျံ့ပွားမှုတွေမရှိဖို့၊ ကိုယ်ကိုယ်တိုင်လည်းရောဂါကင်းရှင်းဖို့ စနစ်တကျနေထိုင်ဖို့လိုပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ် စက်တင်ဘာ (၁၆) ရက်နေ့တွင် ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၂၁) ဦးကို လွှဲပြောင်းပေးအပ်ခဲ့ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၃၈) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၅၉) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁၆) ဦး၊ မွန်ပြည်နယ်မှ (၁) ဦး၊ ကယားပြည်နယ်မှ (၂) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁) ဦးနှင့် ကချင်ပြည်နယ်မှ (၁) ဦးပါဝင်ပြီး ၎င်းတို့အားလုံးကို တာချီလိတ်၌ facility quarantine ထားရှိခြင်းဖြစ်သည်။
တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာ quarantine center တွင် ပြည်ပပြန်၊ Stay at Home သတ်မှတ်ဒေသမှ လာသူများနှင့် ထိုင်းနိုင်ငံဘက်၌ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့၍ မယ်ဆိုင်ဘက်မှ တာချီလိတ်မြို့သို့ပြန်လည်လွှဲပြောင်းလာသူများကို quarantine ထားရှိကာ COVID-19 ရောဂါပိုး စစ်ဆေးပြီးမှ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
ယင်းသို့ထားရှိချိန်တွင် ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူများမှ (၂)ဦးမှာ တာချီလိတ် quarantine center  မှ ထွက်ပြေးသွားခဲ့၍ ပြန်လည်ထိန်းသိမ်းခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Quarantine Center တွင် ပြည်နယ်အစိုးရ၏ ထောက်ပံ့မှု၊ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များအကူအညီဖြင့် ဆန်နှင့်ဆီ အခြေခံစားနပ်ရိက္ခာထောက်ပံ့ပေးထားပြီး ဟင်းဖိုးအတွက် quarantine နေသူများက စရိတ်မျှကျခံရခြင်းဖြစ်သော်လည်း ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူများမှ အခက်အခဲရှိသူများကို စားသောက်စရိတ် အခမဲ့ဖြင့် quarantine ထားရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~