ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား (၂)သိန်းခန့်အား နေထိုင်ခွင့်တိုးပေးရေးနှင့် နှစ်နိုင်ငံ ခရီးသွားများ ခွင့်ပြုနိုင်မည့် အခြေအနေများကို မြန်မာနှင့် ထိုင်း ဆွေးနွေး

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား (၂)သိန်းခန့်အား နေထိုင်ခွင့်တိုးပေးရေးနှင့် နှစ်နိုင်ငံ ခရီးသွားများ ခွင့်ပြုနိုင်မည့် အခြေအနေများကို မြန်မာနှင့် ထိုင်း ဆွေးနွေး
သြဂုတ် 9, 2020
By 🌸
ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား (၂)သိန်းခန့်အား နေထိုင်ခွင့်တိုးပေးရေးနှင့် နှစ်နိုင်ငံ ခရီးသွားများ ခွင့်ပြုနိုင်မည့် အခြေအနေများကို မြန်မာနှင့် ထိုင်း ဆွေးနွေး
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သိန်းခန့်အား နေထိုင်ခွင့်သက်တမ်း (၂)နှစ် တိုးမြှင့်ပေးသွားမည့်ကိစ္စနှင့် COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ ခရီးသွားများ ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်ရေးတို့ကို မြန်မာနှင့်ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai တို့သည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့က တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက COVID 19 ကြောင့် ကျဆင်းနေသည့် နိုင်ငံစီးပွားရေး နလံထူရေးအတွက် လိုအပ်သည့် လုပ်သားအင်အား ဖြည့်ဆည်းနိုင်ရန် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ အလုပ်သမားများ နေထိုင်အလုပ်လုပ်ခွင့်သက်တမ်း တိုးပေးသွားရန် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့၌ ကတ်ဘိနက်အစည်းအဝေးက သဘောတူဆုံးဖြတ်ထားခြင်းဖြစ်သည်။
နှစ်နိုင်ငံကြား နယ်စပ်ဂိတ်များတိုးချဲ့ဖွင့်လှစ်ရေး၊ COVID-19 ကပ်ရောဂါကာလအတွင်း ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်သူ့ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက်ခွင့်ပြုရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် မွန်ပြည်နယ်ရှိ အထူးစီးပွားရေးဇုန်တည်ထောင်ရေးကိစ္စ၊ ရေလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် သယ်ယူပို့ဆောင်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး၊ မောတောင်-စင်ခွန်း၊ ထီးခီး-ဘန်ဖူးနမ်ရွန်၊ ပုံပါကျင်ဒေသ BP-1 စသည့် နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေးအလားအလာများ ဆွေးနွေးရန်အတွက် COVID-19 ကပ်ရောဂါ ကာလအလွန် နှစ်နိုင်ငံအကြား နယ်စပ်ရေးရာကော်မတီအစည်းအဝေးတစ်ရပ် ကျင်းပသွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် ထိုင်းနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်မည့် နေရပ်စွန့်ခွာသူများ လက်ခံရေးစခန်းအတွက် ပစ္စည်းကိရိယာများပံ့ပိုးရေး၊ ငါး၊ ပုဇွန် မွေးမြူရေးနှင့် လယ်ယာ စိုက်ပျိုးရေးနည်းပညာနှင့် ယန္တရားများ ပံ့ပိုးရေးစီမံကိန်း (၃)ခု အကောင်အထည်ဖော်ရေးကိုလည်း ဆွေးနွေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၃၁ )ရက်နေ့အထိ သတ်မှတ်ထားပြီး မြန်မာနှင့်ထိုင်း နယ်စပ်ဂိတ်များကိုလည်း ထိုင်းနိုင်ငံဘက်က COVID 19 ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ပိတ်ထားခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~