တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ဆုံဆို့ရောဂါဖြစ်ပွားသူ (၂၆) ဦးရှိသည့်အနက် (၄) ဦးသေဆုံး

တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ဆုံဆို့ရောဂါဖြစ်ပွားသူ (၂၆) ဦးရှိသည့်အနက် (၄) ဦးသေဆုံး
သြဂုတ် 9, 2020
By 🌸
တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ဆုံဆို့ရောဂါဖြစ်ပွားသူ (၂၆) ဦးရှိသည့်အနက် (၄) ဦးသေဆုံး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်မြို့နယ်တို့တွင် ဆုံဆို့ရောဂါဖြစ်ပွားသူဦးရေ (၂၆) ဦးရှိနေပြီး သေဆုံးသူ (၄) ဦးရှိနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့အထိရရှိသည့်စာရင်းအရ သိရသည်။

“ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာချီလိတ်၊ မိုင်းဆတ်နဲ့ မိုင်းခတ်က စုစုပေါင်း လူနာ (၂၆)ယောက်ရှိနေပြီ။ (၂၀)က တာချီလိတ်မြို့နယ်ကပေါ့။ သေဆုံး (၄)ယောက်ကလည်း တာချီလိတ်မြို့နယ်ကပဲ။ လူနာတွေကို ကျိုင်းတုံဆေးရုံနဲ့ တာချီလိတ်ဆေးရုံမှာ လွှဲပို့ကုသပေးနေပါတယ်”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်အတွင်း ဆုံဆို့ရောဂါဖြစ်ပွားမှုကို တာချီလိတ်မြို့၌ ဇူလိုင်လ (၂၇) ရက်နေ့တွင် စတင်တွေ့ရခြင်းဖြစ်ပြီးနောက် ဆုံဆို့ရောဂါသံသယဖြင့်  သေဆုံးခဲ့သည့်ကလေးများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ၌ ဆုံဆို့ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လုပ်ဆောင်ပေးထားသည်ကို တွေ့ရသည်။

“ကာကွယ်ဆေးက နိုင်ငံတကာမှာဆိုလို့ရှိရင် မူလတန်းကျောင်းအဝင်မှာ ပြန်ထိုးပါတယ်။ မူလတန်းအထွက်မှာ ပြန်ထိုးပါတယ်။ အသက်အရွယ်အရ ပြောရရင် (၂) လ (၄) လ (၆) လ မှာထိုးပြီးရင် (၁၈) လမှာ တစ်ကြိမ်ထပ်ထိုးမယ်။ (၄) နှစ်နဲ့ (၆) နှစ်အတွင်းမှာ (၁) ကြိမ်ထိုးသင့်တယ်။ (၁၁) နှစ်ကနေ (၁၂) နှစ်အတွင်း (၁) ကြိမ်ထိုးသင့်တယ်။ ပြီးတော့မှ (၁၀) နှစ် (၁) ခါ လူကြီးတွေပါမကျန် ထိုးသင့်ပါတယ်။ အခုဖြစ်တဲ့ ကလေးတွေက (၉) နှစ်ကနေ (၁၈) နှစ်အတွင်း ကလေးအုပ်စုတွေ ဖြစ်ပါတယ်”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။
ဆုံဆို့ရောဂါသည် အသက်အရွယ်မရွေးတွင် ဖြစ်ပွားတတ်ပြီး ဆုံဆို့နာဘက်တီးရီးယားရောဂါပိုးမှ ထွက်ရှိသောအဆိပ် (Toxin)သည် နှလုံး၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်သို့ ပျံ့နှံ့သွားပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံးနိုင်ကြောင်း သိရသည်။
ဆုံဆို့ရောဂါလက္ခဏာများဖြစ်သည့် လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်း အကျိတ်များ ရောင်ရမ်းခြင်း၊ အာခေါင်တွင် ဖြူပြာရောင် (သို့မဟုတ်) မီးခိုးရောင်ရှိသော အမြှေးပါး ပေါ်ပေါက် လာခြင်း၊ ၎င်းအမြှေးပါးကြောင့် အစာမမျိုနိုင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သဖြင့် အသက်ရှူရ ခက်ခဲခြင်းဖြစ်ပွားပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်၍ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသရန် လိုအပ်ကြောင်း သိရသည်။
ဆုံဆို့နာရောဂါပိုးကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးရာမှတစ်ဆင့် ထွက်လာသော ရောဂါပိုးပါဝင်သည့်အစက်အမှုန်များ အသက်ရှူ လမ်းကြောင်းအတွင်း တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် အများဆုံးကူးစက်နိုင်ပြီး ရောဂါပိုးရှိသူ၏ အနာများကို ထိတွေ့မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း သိရသည်။
ဆုံဆို့နာရောဂါကို ကာကွယ်ဆေးထိုးခြင်းဖြင့်ကာကွယ်နိုင်ပြီး  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ-ဘီနှင့် ဦးနှောက်အမြှေးရောင် (Hib) ရောဂါတို့ကိုကာကွယ်နိုင်သည့် "ငါးမျိုးစပ် ကာကွယ်ဆေးကို  အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက အသက် (၂)လ၊ (၄)လနှင့် (၆)လအရွယ်များတွင် (၃)ကြိမ် အခမဲ့ထိုးနှံပေးနေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~