တာချီလိတ်တွင် ဆုံဆို့ သံသယလူနာကလေး (၃)ဦး တွေ့ရသည့်အနက် (၂)ဦး သေဆုံး

တာချီလိတ်တွင် ဆုံဆို့ သံသယလူနာကလေး (၃)ဦး တွေ့ရသည့်အနက် (၂)ဦး သေဆုံး
သြဂုတ် 1, 2020
By Tachileik News Agency
တာချီလိတ်တွင် ဆုံဆို့ သံသယလူနာကလေး (၃)ဦး တွေ့ရသည့်အနက် (၂)ဦး သေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်း၌ သံသယ ဆုံဆို့လူနာ ကလေး (၃) ဦးတွေ့ထားရသဖြင့် ကျိုင်းတုံဆေးရုံသို့ လွှဲပို့ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးထားစဉ် (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

ဆုံဆို့ဆိုတာ အကြမ်းဖျဉ်းပြောရရင် လည်ပင်းမှာ အနာဖြစ်တာပေါ့။ အနာဖြစ်တဲ့နေရာ ပြည်တည်နေတဲ့နေရာကနေ swap ယူပြီး ဓာတ်ခွဲပို့စစ်ရတယ်။ အခုက ဓာတ်ခွဲအဖြေမရသေးတဲ့အတွက် သံသယ ဆုံဆို့လူနာလို့ သုံးရမှာပေါ့။ တာချီလိတ်က ကလေး (၃)ယောက်ကို ကျိုင်းတုံဆေးရုံကို လွှဲပေးလိုက်တာ။ သံသယဆုံဆို့ လူနာတွေက ဖြစ်ပြီဆိုတာနဲ့ အရေးပေါ် လည်ပင်းဖေါက်ရတာတို့၊ အရေးပေါ် ICU ထဲ ထားရတာတို့လုပ်ရတာ။ ကျိုင်းတုံဆေးရုံက ကျွန်တော်တို့ထက် facilities ပြည့်စုံတော့ လူနာရဲ့ ဆန္ဒအရ ကျိုင်းတုံဆေးရုံကို လွှဲပေးလိုက်ရတယ်။ (၂၇)ရက်နေ့က တစ်ယောက်၊ (၂၉)ရက်နေ့က တစ်ယောက်၊ ဒီနေ့ တစ်ယောက် လွှဲပေးလိုက်ရတယ်။ အဲဒီထဲက ၂၇ ရက်နေ့က ကလေးက ဒီမနက်ထင်တယ် ဆုံးတယ်။ ဒီမနက် လွှဲပေးလိုက်တဲ့ကလေးကလည်း ဒီညနေမှာ ဆုံးတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာ ကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၃၁)ရက်နေ့ညပိုင်းက ပြောသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်မှ အသက် (၁၁) နှစ်အရွယ် ကလေး (၁) ဦးကို ဇူလိုင်လ (၂၇) ရက်နေ့က လည်းကောင်း၊ မိုင်းကိုးကျေးရွာမှ အသက် (၉) နှစ်အရွယ် ကလေး (၁) ဦးကို ဇူလိုင်လ (၂၉) ရက်နေ့ကလည်းကောင်း၊ တာချီလိတ်မြို့ ယာမြေရပ်ကွက်မှ အသက် (၇) နှစ်အရွယ် ကလေး (၁) ဦးကို ဇူလိုင်လ (၃၁) ရက်နေ့တွင်လည်းကောင်း ဆုံဆို့ရောဂါလက္ခဏာများ တွေ့ရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးလူနာ (၃) ဦးအနက် ဝမ်ကောင်းရပ်ကွက်မှ အသက် (၁၁) နှစ်ကလေးနှင့် ယာမြေ(မကာဟိုခမ်းရပ်ကွက်)မှ အသက် (၇) နှစ် ကလေးတို့မှာ ဇူလိုင်လ (၃၁) ရက်နေ့က သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး မိုင်းကိုးကျေးရွာအုပ်စုမှ ကလေး (၁) ဦးမှာ သီးသန့်ကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

ဆုံဆို့ရောဂါမှာ အသက်အရွယ် မရွေးတွင် ဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များတွင် အဖြစ်များပြီး ရောဂါဖြစ်ပွားပါက (၃) ဦးလျှင် (၁) ဦးနှုန်း သေဆုံးတတ်သည့် ကုသရခက်သော ရောဂါဖြစ်၍ ဖျားနာခြင်း၊ လည်ပင်းနာခြင်းများ ဖြစ်ပွားပါက ဆေးရုံ၊ဆေးခန်း အမြန်ဆုံးပြသသင့်ကြောင်း သိရသည်။

ဒီရက်ပိုင်းမှာ ဖျားတယ်၊ လည်ပင်းတွေနာတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့သူတွေဆီကို ပြသဖို့လိုတယ်။ ဒီရောဂါက ကိုဗစ်လိုပဲ အထိအတွေ့နဲ့ အသက်ရှုလမ်းကြောင်းကနေ ကူးနိုင်တယ်။ ကာကွယ်ဆေးထိုးတာအပြင် နီးစပ်ရာထိတွေ့သူအားလုံးကိုလည်း ကျန်းမာရေးက ကာကွယ်ဆေးသောက်ဖို့ လိုပါတယ်။ ကျန်းမာရေးက အဲဒါကိုလည်း လုပ်နေပါတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာ ကျော်စွာမြင့်က ပြောသည်။

ဆုံဆို့ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ လွင့်စင်သည့် အမှုန်များမှတစ်ဆင့် အရာဝတ္ထုများတွင် ရောဂါပိုးကပ်ညိနေသည်ကို လက်မဆေးဘဲ ထိတွေ့မိရာမှ အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းဖြင့်လည်းကောင်း၊ နှာချေချောင်းဆိုးစဉ် အနီးဝန်းကျင်တွင် ရှိနေသူများ အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းဖြင့်လည်းကောင်း ကူးစက်ခံရနိုင်ကြောင်း သိရသည်။

ဆုံဆို့ရောဂါကာကွယ်ရေးအတွက် မိမိတို့ကလေးများကို အသက် (၂)လ၊ (၄)လနှင့် (၆)လအရွယ်များတွင် အခမဲ့ထိုးပေးနေသည့် ကာကွယ်ဆေးထိုးအစီအစဉ်များတွင် ဂရုစိုက်ထိုးနှံပေးကြရန်နှင့် ကာကွယ်ဆေးပြည့်မီအောင် ထိုးနှံရခြင်းမရှိသေးပါက နီးစပ်ရာ မိခင်နှင့်ကလေးကျန်းမာရေးဌာန သို့မဟုတ် မိမိတို့ရပ်ကွက်ရှိ သားဖွားဆရာမများထံ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နှာခေါင်းစည်းတပ်ခြင်း၊ လက်မကြာခဏဆေးခြင်းဖြင့် ဆုံဆို့ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~