တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား(၂)ကနေ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုအပေါ် အခွန်လျှော့ပေါ့ရေး အလွတ်သဘော ဆွေးနွေးမည်

တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား(၂)ကနေ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုအပေါ် အခွန်လျှော့ပေါ့ရေး အလွတ်သဘော ဆွေးနွေးမည်
သြဂုတ် 10, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား(၂)ကနေ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုအပေါ် အခွန်လျှော့ပေါ့ရေး အလွတ်သဘော ဆွေးနွေးမည်

တာချီလိတ် - မယ်ဆိုင်ကြား တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုအပေါ် ထိုင်းဘက်က အခွန်ကောက်ခံနေမှုနှင့် နှစ်နိုင်ငံဆိုင်ရာကိစ္စများတွင် မြန်မာဘက်သို့ အသိမပေးဘဲ ထုတ်ပြန်ခြင်းများ မပြုလုပ်ရန် နှစ်နိုင်ငံ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

“ကျွန်တော်တို့ မနက်ဖြန်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မယ်ဆိုင်ဘက်ကိုလာတဲ့ ကားသမားတွေ ညအိပ်ရမယ်ဆိုတဲ့ကိစ္စကို အဓိကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ COVID ကာလမှာ နှစ်နိုင်ငံဖြတ်သန်းသွားလာရင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ နဂိုတုန်းကလည်း ဆွေးနွေးထားတာရှိပါတယ်။ ထိုင်းနိုင်ငံဘက်က ကြိုတင်ညှိနှိုင်းထားတာမရှိဘဲ သက်ဆိုင်ရာဌာနလေးတစ်ခုက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေလုပ်မယ်ဆိုရင် နှစ်နိုင်ငံညှိနှိုင်းဖို့လိုပါတယ်။ နှစ်နိုင်ငံသဘောတူဖို့လိုပါတယ်။ နောက် တစ်နိုင်တစ်ပိုင်ကုန်သွယ်မှုအပေါ် ထိုင်းဘက်က အခွန်ကောက်နေတာကို ဖြေလျှော့ပေးဖို့ ကြိုးစားမယ်လို့ အရင်ကဆွေးနွေးတုန်းက ပြောထားပါတယ်။ ဒါပေမဲ့ အခုထိ လျှော့ချတာမရှိသေးတော့ မနက်ဖြန်ဆွေးနွေးပါမယ်”ဟု  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်ကို ပိတ်ထားသည့်ကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုအတွက် မယ်ဆိုင်နှင့် တာချီလိတ်ကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို ဖွင့်ပေးထားခြင်းဖြစ်ပြီး အဆိုပါတံတားမှ ဖြတ်သန်းသည့် ကုန်တင်ယာဉ်မောင်းများ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်တွင် ညအိပ်ရမည်ဟု ထိုင်းကျန်းမာရေးဌာနက တာချီလိတ်ဘက်သို့ အသိမပေးဘဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာချီလိတ်ဘက်မှ အုပ်ချုပ်ရေးအဖွဲ့က မယ်ဆိုင်အုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ် ညှိနှိုင်းပြီးနောက် နှစ်နိုင်ငံမှ ကုန်တင်ယာဉ်မောင်းများ နေ့ချင်းပြန်သာ ဖြတ်သန်းခွင့်ပေးရန်နှင့် တစ်ဖက်နိုင်ငံတွင် ညအိပ်ပါက quarantine ဝင်ရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံကိစ္စကို တာချီလိတ်ဘက်သို့ အသိမပေးဘဲ ထုတ်ပြန်သည့်ကိစ္စနှင့် တစ်နိုင်တစ်ပိုင်ကုန်စည်များအပေါ် ထိုင်းနိုင်ငံက အခွန်စည်းကြပ်မှု ယခင်ကထက်များနေသည့်ကိစ္စတို့ကို ဆွေးနွေးရန် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ ခရိုင်အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင်များသည် သြဂုတ်လ (၁၀)ရက်နေ့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~