ဖယ်ခုံမြို့နယ်တွင် (၁၅) နှစ်ကြာ ပိတ်ထားသည့် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ စာရင်းပေးသွင်းနိုင်

ဖယ်ခုံမြို့နယ်တွင် (၁၅) နှစ်ကြာ ပိတ်ထားသည့် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ စာရင်းပေးသွင်းနိုင်
ဇူလိုင် 2, 2020
By 🌸
ဖယ်ခုံမြို့နယ်တွင် (၁၅) နှစ်ကြာ ပိတ်ထားသည့် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍  စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်တွင်  (၁၅) နှစ်ကြာ ပိတ်ထားခဲ့ရသည့် ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေးစခန်းအား သင်တန်းသား (၂၀)ဦးဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် ၊ကုန်းဆုံကျေးရွာအုပ်စု ၊ကသဲကျေးရွာရှိ ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်း တွင် မူးယစ်ဆေးစွဲနေသူများအား နိုင်ငံတော်၏ အထောက်အပံ့ဖြင့် စခန်းသွင်း ဆေးဖြတ်ပေးမည်ဖြစ်၍ မည်သည့်ဒေသမှမဆို ဆေးဖြတ်လိုသူများရှိပါက ဖုန်း 09261741191 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“သင်တန်းလာအပ်ပြီဆိုတာနဲ့ ကျွန်တော်တို့ ဆေးစစ်ပါမယ်။ ဘီပိုး၊ စီပိုးတွေရှိလားပေါ့။ ကူးစက်ရောဂါ ရှိသူဆို တစ်ခြားသူတွေကိုလည်းကူးစက်နိုင်တာမို့ မလိုလားအပ်တဲ့ရောဂါတွေ ဖြစ်လာမှာစိုးလို့ပေါ့။ နောက်သူ တို့ရဲ့ဆေးသုံးစွဲတဲ့ပမာဏကိုစစ်ဆေးမယ်။  ကျွန်တော်တို့ကဆရာဝန်နဲ့ treatment လုပ်ဖို့တိုင်ပင်ရမယ်။ နောက် သင်တန်းလာအပ်ပြီဆိုတာနဲ့ မိဘအုပ်ထိန်းသူရဲ့ ခံဝန်ကတိတွေခွင့်ပြုချက်တွေ လက်မှတ်ထိုးခိုင်းမယ်။ ထွက်ပြေးရင်တော့ တာဝန်မယူဘူးပေါ့။ ကျန်တာတော့ ကန့်သတ်ချက်မရှိပါဘူး။ သင်တန်းစာရင်းသွင်း ပြီး ကာလတစ်လျှောက်လုံး ဒီကပဲ ကျန်းမာရေးကအစ အားလုံးတာဝန်ယူသွားမှာပါ။ ” 

ဟု ဖယ်ခုံမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေး စခန်း မန်နေဂျာ ဦးဇော်ဝင်းထွဋ်ကပြောသည်။

အဆိုပါ ဆေးဖြတ်သင်တန်းအား ဇူလိုင်လ (၇) ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ ဖွင့်လှစ်သွားရန်စီစဉ်ထားပြီး အနယ်နယ်အရပ်ရပ်မှ ဆေးဖြတ်လိုသူသင်တန်းသား (၂၀) ဦးကို လက်ခံသွားမည်ဖြစ်ပြီး သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း ကာကွယ်ထိန်းသိမ်းပေးထားမည်ဖြစ်ကြောင်း သိရသည်။

Covid -19 ကူးစက်ရောဂါ ကာလဖြစ်၍ သင်တန်းဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီကြိုတင် ပြင်ဆင်ထားရှိပြီး သင်တန်းအား ဇူလိုင်လ ၇ ရက်နေ့တွင်စတင်ဖွင့်လှစ် ရန် ပြည်နယ်အစိုးရမှခွင့်ပြုပြီး ဖြစ်သော်လည်း ဖယ်ခုံမြို့နယ် ကိုဗစ်ကော်မတီ ၏စစ်ဆေးချက်ကိုခံယူ၍ ခွင့်ပြုချက်ရပါက သတ်မှတ်ရက်တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းသိရသည်။

သင်တန်းကာလအတွင်း သင်တန်းသားများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း ၊ ကျန်းမာရေးကဏ္ဍများ ၊ တရားဥပဒေဆိုင်ရာဏ္ဍများအားဌာနဆိုင်ရာများမှ ဟောပြောပေးခြင်း ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ၊ ကား ၊ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းများကိုလည်း လက်တွေ့သင်ကြားခြင်းနှင့် အားကစားပြုလုပ်ခြင်းများ လုပ်ဆောင်ပေးသွားမည့်အပြင် ကိုးကွယ်သည့် ဘာသာအလိုက် ဘာသာရေးဆိုင်ရာလုပ်ဆောင်ချက်များပါ ထည့်သွင်းပေးထားမည်ဖြစ်ကြောင်း သိရသည်။

“ကောင်းတာပေါ့ဗျာ။ ဒီစခန်းပိတ်လိုက်ကတည်းက ဆေးဖြတ်ချင်တဲ့လူငယ်တွေက သွားဖြတ်စရာ နေရာမရှိတော့ဘူး ။ တော်တော်များများကလည်း ပြန်ဖွင့်စေချင်ကြတယ်။ အခုပြန်ဖွင့်တယ်ဆိုတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ချင်တဲ့ လူငယ်တွေအတွက် အရမ်းအဆင်ပြေသွားမယ်။ မူးယစ်ဆေး စွဲနေတဲ့လူငယ်တွေ လက်ညိုထိုးမလွဲ တစ်ပုံကြီးပါ။ အခုလို တရားဝင်ဖြတ်လို့ရတော့ ကောင်းတာပေါ့ ။သူ တို့အတွက်ကောမိသားစုအတွက်ရောပေါ့ ” 

ဟု လွိုင်ကော်မြို့မှ ဒေသခံ ကိုဝီဇင်းရှို ကပြောသည်။

သင်တန်းအား ဇူလိုင်လ ၇ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း သင်တန်းသားဦးရေမပြည့်သေးပါက သင်တန်းဖွင့်စဉ်ကာလအတွင်း လာရောက်အပ်နှံသူများအား ဆက်၍လက်ခံပေးသွားမှာဖြစ်ပြီး သင်တန်းမဖွင့်မီ သင်တန်းသား(၂၀)ဦးရေ ပြည့်ပါကဆက်၍ လက်ခံသွားမှာမဟုတ်ကြောင်းသိရသည်။

 “ဒီမှာကမဖွင့်တာကြာပြီဆိုတော့ လူသိနည်းသွားတာရယ်။ ဒေသခံတွေထင်မြင်ယူဆချက်လွဲသွားတာ တစ်ချက်ပေါ့။ ကျွန်တော်တို့သင်တန်းသားတောင်းလိုက်တဲ့အခါမှာ သူတို့သားသမီးတွေကို ဆွေမျိုး အသိုင်းဝန်းတွေလာကြည့်ရင် လူမှုပတ်ဝန်းကျင်မှာဆေးသမားဘာညာ ဂုဏ်သိက္ခာထိခိုက်နိုင်တယ်ပေါ့ ။အဲ့လို ထိခိုက်နိုင်တဲ့အပေါ်သူတို့ ထင်မြင်ယူဆချက်မှားတာပေါ့ ။ ကျွန်တော်တို့က ဒီမှာပြန်လည် ဆေးဖြတ်တဲ့သူကိုြ ပန်လည်ထူထောင်ရေး လုပ်ပေးလိုက်ရင် လူမှုဘဝထဲ ပြန်ဝင်ဆံ့လာမယ်။ ကောင်းမယ်ပေါ့ ။ နောက်တစ်ချက်က ကျွန်တော်တို့ဒီသင်တန်းတွေ ဖွင့်တာနိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့ မို့ သင်တန်းသားတွေကို တစ်ပြားတစ်ချပ်မှ ကောက်ခံခြင်းမရှိပါဘူး။ ပိုက်ဆံပေးရမယ် အဖမ်းခံရမယ် ဆိုတဲ့အတွေးတွေကြောင့် မလာရဲကြဘူး။ တကယ်တော့ ငွေကြေးပေးစရာမလိုသလို သူတို့ထင်သလိုမဟုတ်ပါဘူးပေါ့။ တစ်ဆင့်စကားတွေမယုံဘဲ စခန်းကိုကိုယ်တိုင်လာရောက်အပ်နိုင်ပါတယ် ”

ဟု ဖယ်ခုံမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေး စခန်း မန်နေဂျာ ဦးဇော်ဝင်းထွဋ် ပြောသည်။

ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းအား ၂၀၁၉ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ပြန်လည်လွဲပြောင်းခဲ့ပြီး (၁၅)နှစ်ကြာပိတ်ထားရာမှပြန်လည် စတင်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၊ကသဲကျေးရွာရှိ  ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းအား  ၁၉၈၃ ခုနှစ်မှ စ၍ ကသဲ ဘက်စုံပြန်လည်ထူထောင်ရေးစခန်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး  ၂၀၀၂ ခုနှစ်တွင် ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းအမည်ပြောင်းကာ သင်တန်းများဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှစ၍ ပိတ်ထားခဲ့ရပြီး သင်တန်းစတင်ဖွင့်လှစ်ချိန်မှ ၂၀၀၅ ခုနှစ်ထိ သင်တန်းအပတ်စဉ် (၂၈)ခုနှင့် မူးယစ်ဆေးစွဲလူနာ (၄၂၇)ဦး ကိုဆေးဖြတ်ကုသပေးခဲ့ကြောင်းသိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~