မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ပြည်သူသို့ ထုတ်ဖေါ်ရှင်းလင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ပြည်သူသို့ ထုတ်ဖေါ်ရှင်းလင်း
ဇူလိုင် 28, 2020
By 🌸
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ပြည်သူသို့ ထုတ်ဖေါ်ရှင်းလင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က I Pad တစ်လုံးမှလွဲ၍ ပိုင်ဆိုင်မှုမရှိကြောင်း ထုတ်ဖေါ်ပြောကြားပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မည်သည့်ပိုင်ဆိုင်မှုမှ မရှိကြောင်း ပြောကြားလိုက်သည်။

 “ကျွန်တော့်အနေနဲ့ ဘာမှမပိုင်ပါဘူး” 

ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ဆိုသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှုများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့က ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁) နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲတွင် အသီးသီး ထုတ်ဖော်ပြောကြားခဲ့ကြခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူစဉ်ကတည်းက ကိုယ်ပိုင်လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို NLD ရုံးချုပ်ကို ချိတ်ပိတ် တင်ပြထားရှိခဲ့ ပြီးဖြစ်ပါတယ်” 

ဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

ယခင်က လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ၎င်း၏ဘဏ်စာအုပ်မှာ ဇနီးဖြစ်သူနှင့် တွဲ၍ဖွင့်ထားပြီး ဇနီးဖြစ်သူက ထိန်းသိမ်းထားသည်ဟု ဆိုသည်။

“မူလက အရောင်းအဝယ် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဂန့်ဂေါမြို့နယ် ကန်ရွာမှာ ကုန်စုံဆိုင်ကြီးတည်ထားပြီး သီးနှံအရောင်းအဝယ်လည်းလုပ်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ အိမ်ဆောက်ပစ္စည်း သွပ်၊ သံ၊ ဘိလပ်မြေ စသဖြင့်နဲ့ လောင်စာဆီ၊ ဓာတ်ဆီရောင်းပါတယ်။ ဒေသ ထွက် ပဲ၊ နှမ်း သီးနှံမျိုးစုံကိုလည်း ဝယ်ပြီး ပခုက္ကူကို တင်ပို့ပါတယ်။ ပခုက္ကူမှာလည်း ကျွန်တော့်ယောက်ဖက ကုန်ပွဲရုံတစ်ခုထူထောင်ပြီး Export ပို့ဖို့ သီးနှံတွေကို ဝယ်/ရောင်း လုပ်ပါတယ်။ မူလက ကုန်စည် သယ်ဆောင်တဲ့ (၁၂) ဘီးကား (၂) စီးရှိပါတယ်။ကားလေး (၂) စီးရှိပြီး မိသားစုပိုင်အဖြစ်ထားရှိပါတယ်။ လွှတ် တော်ကိုယ်စားလှယ်ဘဝကတည်းက ကျွန်တော့်ပိုင်ဆိုင် မှု၊ ကျွန်တော့် အမျိုးသမီးပိုင်ဆိုင်မှု၊ မိသားစုစီးပွားရေးပိုင်ဆိုင်မှု ဘဏ်စာအုပ်ကစလို့ NLD ပါတီရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ မူလကတည်းက လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး မိန်းမဘက်က အမွေမခွဲသေးဘူး။ လယ်တွေယာတွေရှိတယ်။ အိမ်ဝိုင်းတွေလည်း ရှိတယ်။ ကျွန်တော့်ဘက်ကပိုင်တာကတော့ မြို့ပေါ်မှာ (၂) ဝိုင်းတွဲ အိမ်ဝိုင်း (၁) ဝိုင်း၊ အဲဒီဝိုင်းကိုရောင်းရင် အနည်းဆုံး သိန်း (၁၀၀၀)ကျော်တော့ ရပါမယ်။ ကျွန်တော့်မှာ ဘဏ်စာအုပ်ရှိပါတယ်။ အဲဒီဘဏ်စာအုပ်ကလည်း ကျွန်တော် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးကတည်းက ကျွန်တော့်မိန်းမအမည်နဲ့တွဲပြီးထားတဲ့ဘဏ်စာအုပ်ပါ။ ကျွန်တော့်လစာထုတ်ရင် ပိုတဲ့ ပိုက်ဆံ မိန်းမသိမ်းပါတယ်။ ဘဏ်ထဲကိုထည့်တယ်လို့ ပြောပါတယ်။ အဲဒီစာအုပ်ကိုလည်း မိန်းမပဲ သိမ်းထားလို့ ဘယ်လောက်ရှိတယ်ဆိုတာတော့ ပြောဖို့ နည်းနည်း ခဲယဉ်းသေးတယ်ပေါ့လေ” 

ဟု  သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းမှာ ယခင်က အကြွေးစာရင်းသာရှိရာမှ တာဝန်မထမ်းဆောင်မီ ပါတီသို့ ပိုင်ဆိုင်မှုတင်ပြရာ၌ အကြွေးစာရင်းကိုသာ တင်ပြခဲ့ရကြောင်း ပြောကြားသည်။

 “အောင်လံမြို့မှာ ဘဏ်စာအုပ်လက်ကျန်ငွေ (၃) သိန်းခွဲနဲ့ ပါတီရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ ပိုင်ဆိုင်မှုကိုတင်ခဲ့တဲ့အခါ ကျွန်တော့်ကိုယ်ပိုင် ပိုင်ဆိုင်မှုမရှိတဲ့ အပြင် ကျွန်တော့်မှာ အကြွေးရှိပါတယ်။ အကြွေးစာရင်းကို ပိုင်ဆိုင်မှုစာရင်းထဲမှာ ထည့်ရပါတယ်။ (၄) နှစ် သက်တမ်းပြီးတဲ့အခါမှာ မကွေးမှာ ဘဏ်အကောင့်တစ်ခုထပ်ဖွင့် ထားပါတယ်။ အဲဒီမှာ လစဉ်စုထားတဲ့ ငွေ ထည့်ထားတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ရှိရင်လည်း ၂၀၂၀ မှာ ကျွန်တော်တို့ပါတီရုံးချုပ်ကို တင်ပြ ရမှာပါ”

ဟု  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက စုဆောင်းငွေ အနည်းငယ်ရှိကြောင်း ရှင်းလင်းသည်။

 “ကျွန်တော့်မှာ ကိုယ်ပိုင်ဘဏ်အကောင့် မထားပါဘူး။ ကျွန်တော့်အမျိုးသမီးမှာပဲ ဘဏ်အကောင့်ရှိပါတယ်။ ကိုယ်ရတဲ့လစာလေးကို ဘဏ်အကောင့်သီးခြားတစ်ခုထပ်ဖွင့်ပါတယ်။ တစ်လကို ခန့်မှန်းခြေပေါ့။ ကျွန်တော်တို့ အစိုးရဖွဲ့ပြီး (၁၀) လလောက် အထိ သိပ်ပြီးမစုမိပါဘူး။ နောက်ပိုင်းမှာ တော့ တစ်လကို သုံး၊ လေး၊ ငါးသိန်းစုဖို့ကြိုးစားပါတယ်။  (၄) နှစ်ကျော်ကာလမှာ ပွင့်ပွင့်လင်းလင်းပြောရရင် သိန်း (၂၂၀) လောက်တော့ စုမိပါတယ်” 

ဟု ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ၎င်း၏ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သိလိုပါက သီးခြားရှင်းလင်းပေးမည်ဟု ဆိုသည်။

 “ကျွန်တော်ကလည်း လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ဘဏ်စာ အုပ်ရှိပါတယ်။ သမီးမှာလည်း ဘဏ်စာအုပ်ရှိပါတယ်။ အစိုးရအဖွဲ့မှာ စတာဝန်ထမ်းဆောင်တဲ့အချိန် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုကို ချိတ်ပိတ်ပြီး တင်ပြခဲ့ရတာရှိပါတယ်။ သိချင်တယ် ဆိုရင်တော့ ကျွန်တော့်အနေနဲ့ သီးခြားရှင်းလင်းပေးပါမယ်”

ဟု  စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောသည်။

အလုပ်သမားရေးရာဝန်ကြီးက ၎င်းတို့အနေဖြင့် ဝန်ထမ်းမိသားစုဖြစ်၍ ဝန်ထမ်းလစာမှလွဲ၍ အခြားဝင်ငွေမရှိကြောင်း ရှင်းလင်းသည်။

 “ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးပါ ဝန်ထမ်းတွေပါ။ ကျွန်တော်ဝန်ကြီးစဖြစ်ကတည်းက ပိုင်ဆိုင်မှုကို တင်ခဲ့ရပါတယ်။ ဝန်ကြီးတာဝန်ယူခဲ့တာ (၂၇) လ ရှိခဲ့ပါပြီ။ အခုလည်း ဒီအတိုင်းပါပဲ။ လွန်ခဲ့တဲ့တစ် နှစ်က အောင်စေတနာရပ်ကွက်မှာ ကျွန်တော်တို့နှစ်ယာက်စလုံး ပင်စင်ယူခါနီးမှာ တိုက်ကလေးတစ်လုံး ဆောက်ခဲ့တာရှိ ပါတယ်။ ကျွန်တော်တို့က မိသားစု (၄ေ) ယာက်ရှိတော့ သားက အိမ်ခွဲ၊ ကျွန်တော်တို့ပင်စင် စားနှစ်ယောက်က တစ်လ (၃) သိန်းလောက်ရပါတယ်။ သမီးက ဆရာဝန်ဆိုတော့ လစာ နှစ်သိန်းရှစ်သောင်းလောက် ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့မိသားစု ဝင်ငွေဟာ တစ်လကို (၆) သိန်း လောက်ရှိတယ်။ လက် ရှိ  သိန်း ၁၅၀/၂၀၀ လောက်တော့ရှိမယ်ထင်ပါတယ်။ တစ်ခြား ယာဉ်တို့ ဘာတို့ ပိုင်ဆိုင်မှုမရှိပါဘူး” 

ဟု  အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးကလည်း နာရီတစ်လုံးသာ တိုးလာသည်ဟု ဆိုသည်။

“ကျွန်တော်ကိုယ်စားလှယ်ဖြစ်ကတည်းက အိမ်တို့၊ လယ်တို့၊ ယာတို့ ရှိတယ်။ ဘာတွေ တိုးတက်လာသလဲဆိုတော့ ဆရာက (၁၅) သိန်းတန် i Pad ရှိလာတယ်ပြောသလို ကျွန်တော်လည်း နာရီ တစ်လုံးတော့ တိုးတက်လာတယ်။ ကျွန်တော် တက္ကသိုလ်တက်တုန်းက စီကိုဖိုက်နာရီတစ်လုံးရှိခဲ့တယ်။ ဝန်ကြီးဖြစ်တော့ အမျိုးသမီးက ရှင် ဒီနာရီနဲ့ တော့ မတော်ပါဘူး ဒီနာရီလေးတော့ဆိုပြီး တစ်သိန်း နဲ့ ဘယ်လောက်လဲတော့မသိဘူး ဒါလေးတော့ တိုးလာပါတယ်”

ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သည့်ကာလအတွင်း သတ်မှတ်လစာ ကျပ်သိန်း (၃၀)ဖြစ်သော်လည်း ဝင်ငွေခွန်ဆောင်ခြင်းနှင့် လစာ၏လေးပုံတစ်ပုံကို ပါတီသို့လှူဒါန်းခြင်းောကာင့် လစဉ် ကျပ် (၂၀)နီးပါးသာ ရရှိနေပြီး အခြားလှူဒါန်းမှုများလည်းရှိနေ၍ မည်သည့်ပိုင်ဆိုင်မှုမှ မရှိကြောင်း ထုတ်ဖေါ်ပြောကြားသည်။

 “ကျွန်တော်လုပ်လိုက်တာ ဝန်ကြီးတွေအမေး ခံရတာပေါ့။ မေးတဲ့အပေါ် အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ၊ ဝန်ကြီးတွေအကုန်လုံး ပိုင်ဆိုင်မှုကို ပါတီအဖွဲ့ချုပ်ကို ချိတ်ပိတ် ပြီးတင်ပြရတော့ ဘယ်သူမှ မသိပါဘူး။  မီဒီယာမှာ ပြောတာက ဝန်ကြီးချုပ်မဖြစ်ခင်က တစ်သောင်းပဲရှိ တယ်ပေါ့။ တစ်လ သိန်း (၃၀) ရတယ်။ (၁၂)လဆိုရင် သိန်း (၃၆၀) ရမယ်။ ဒီလိုပြောတာပေါ့။ လခထုတ် တိုင်း သိန်း (၃၀)  အပြည့်မဝင်ပါဘူး။ သိန်း (၂၀) တောင်မပြည့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လခရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ (၇) သိန်းခွဲက အဖွဲ့ချုပ်ကို လှူရတယ်။ လွှတ်တော် ကိုယ်စားလှယ်ရော အကုန်လုံးလှူရတယ်။ နောက်တစ်ခါ သား၊ မယားမရှိတော့ (၃) သိန်း ဝင်ငွေခွန် ဆောင်ရတယ်။ ဘဏ်စာရင်းပြောရရင် ဝန်ကြီးချုပ် မဖြစ်ခင်က တစ်သောင်းပဲ ရှိ တယ်။ အခု သိန်း (၂၀) ရှိတယ်။ အဲဒီ သိန်း၂၀ အကြောင်း ရှင်းပြရရင် မကွေး မှာ e government ကိစ္စမှာ ကွန်ပျူတာအသင်းဥက္ကဌက ကူညီဆောင်ရွက်ပေးတာကြောင့် ဉာဏ်ပူ ဇော်ခ (၁၀) သိန်းပေးတာကို ပညာရေးအတွက် လိုအပ်တဲ့နေ ရာ သုံးပါဆိုပြီး ပြန်လှူတယ်။ ကျွန်တော်နယ်သွားတုန်းက ကျနော်တို့အဖွဲ့နာယကကြီးက ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ လေး ပညာရေးအခက်အခဲရှိနေတယ်ဆိုတာကြောင့် အဲဒီကျောင်းသူရယ်။ နောက် နည်းပညာ တက္က သိုလ် ဒုတိယနှစ်က ပညာရေးအခက်အခဲရှိနေတဲ့တစ်ယောက် သူတို့အတွက် ဖြည့်ဆည်းပေးနိုင်ဖို့က (၁၀) သိန်းနဲ့ မလောက်ဘူးဖြစ်နေတာကို သူငယ်ချင်းဆရာဝန်တစ်ယောက်ပြောလိုက်တော့ သိန်း (၂၀) ပို့လိုက်တယ်။ အဲဒီ သိန်း၂၀ပါပဲ ”

 မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ရှင်းလင်းသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်း၏ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ facebook လူမှုကွန်ယက်စာမျက်နှာ၌ post ရေးတင်ခဲ့ရာမှ သတင်းစာရှင်းလင်းပွဲကျင်းပရာ၌ အခြားဝန်ကြိးများ၏ ပိုင်ဆိုင်မှုများကို သတင်းမီဒီယာများက မေးမြန်းခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~