တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးလာသူ (၁)ဦးကို ဌာန (၂)ခုက အရေးယူမည်

တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးလာသူ (၁)ဦးကို ဌာန (၂)ခုက အရေးယူမည်
ဇူလိုင် 12, 2020
By 🌸
တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးလာသူ (၁)ဦးကို ဌာန (၂)ခုက အရေးယူမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မယ်ဆိုင်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးလာသူ (၁)ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့က ဖမ်းဆီးရမိထား၍ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးပါက ဌာန (၂)ခုက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“ သူ့ကို လဝက ကလည်း တရားစွဲမယ်။ ကျန်းမာရေးကလည်း တရားစွဲမယ်။ လောလောဆယ်တော့ အာခေါင်တို့ပတ်ယူဖို့ လုပ်ထားတယ်။ ဒီတစ်ယောက်နဲ့ဆိုရင် ချောင်းကူးဖမ်းမိတာ စုစုပေါင်း (၃)ယောက်ရှိပြီ။ အမျိုးသား (၂)ယောက်နဲ့ အမျိုးသမီး (၁)ယောက်”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားအမျိုးသားမှာ အသက် (၄၃)နှစ်အရွယ်ဖြစ်ပြီး နယ်စပ်ချောင်းကို ဖြတ်ကူးလာသည်ကို မဟာဟိုခမ်းပြည်သူ့စစ်ဂိတ်မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 ပျံ့နှံ့မှုမရှိစေရန် ထိုင်းနှင့် မြန်မာ နယ်စပ်ဂိတ်ကို မတ်လ (၂၃) ရက်နေ့ကတည်းက ပိတ်ထားရာ နှစ်နိုင်ငံနယ်စပ်တလျှောက်မှ တရားမဝင် ဖြတ်ကူးမှုများရှိနေခြင်းဖြစ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် နယ်စပ်တလျှောက် ကင်းလှည့်ခြင်းအား လူအင်အား၊ အထောက်အကူပြုပစ္စည်းများဖြင့် တိုးမြှင့်လုပ်ဆောင်နေသည့်အပြင် အချို့နေရာများတွင် သံဆူးကြိုးကာရံခြင်းများကိုပါ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ အတားအဆီးများ လုပ်နေသော်လည်း နယ်စပ်ဖြတ်သန်းသွားသူများ ရှိနေဆဲဖြစ်ရာ မယ်ဆိုင်ဘက်တွင် တရားမဝင် နယ်စပ်ဖြတ်လာသူများအား ဖမ်းဆီးရမိပါက အရေးယူကာ မြန်မာဘက် ပြန်ပို့ခြင်းကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

တာချီလိတ်ဘက်တွင် နယ်စပ်မှ တရားမဝင် ဖြတ်သန်းလာသူများကို နေရာ (၇)နေရာတွင် ပြည်သူ့စစ်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးခြင်းလုပ်ဆောင်နေသည်ဟု သိရသည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်ကို တရားမဝင်ဖြတ်သန်း၍ ဖမ်းဆီးခံရသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့မှစ၍ ဇူလိုင်လဆန်းအထိ မယ်ဆိုင်ဘက်တွင် မြန်မာ (၁၁၃)ဦးဖမ်းဆီးအရေးယူခံထားရပြီး တာချီလိတ်ဘက်တွင် မြန်မာ (၃)ဦး ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

နယ်စပ်တလျှောက် နေထိုင်သူများအနေဖြင့် နယ်စပ်ကို တရားမဝင် ဖြတ်ကူးလာသူများကို တွေ့ရှိပါက မိမိဝန်းကျင်တွင် COVID 19 ကူးစက်ပျံံ့နှံ့မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားပေးရန် တိုက်တွန်းထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~